ဆံပင်ဆေးဆိုးခြင်း



ကျမတို့ မိန်းကလေးတွေက တနေ့ထက်တနေ့ ပိုလှချင်တဲ့ အမျိုးရှင့်။ တရက်ထက်တရက်ပိုပို လှနေအောင် ပြင်ကြဆင်ကြတဲ့ အထဲမှာ ဆံပင်လည်းပါတာပေါ့။ မိန်းမတို့ဘုန်း ဆံထုံးလို့တောင် ဆိုတယ်မဟုတ်လား။
ဆံပင်အလှကို ဖွဲ့ဆိုကြတဲ့ သီချင်းတွေထဲမှာတောင် Rဇာနည်ရဲ့ “ကမ္ဘာမြေပြင်ပေါ် မင်းဆံနွယ်တွေ လွှမ်းခြုံထားမှာလားကွာ” ဆိုတဲ့ သီချင်းတောင်ရှိသေးတာပဲလေ။ ဒါကြောင့် လှချင်တဲ့ ကျမတို့မိန်းကလေးတွေက ဆံပင်ကို အမျိုးမျိုးထုံးဖွဲ့ ပြင်ဆင်ကြ၊ အရောင်တွေဆိုးကြ၊ ဖြောင့်ကြ ကောက်ကြစတာတွေကို ပိုက်ဆံအကုန်ခံ၊ အလုပ်ရှုပ်ခံပြီး လုပ်ကြတာပေါ့ရှင်။

ပိတုန်းရောင်ဆံကေသာဆိုတာ ကျမတို့ အာရှသူတွေပဲရှိတာ များတဲ့ ဆံပင်အရောင်ဖြစ်ပေမယ့် ခုခေတ်က ကိုရီးယားမလေးတွေလို လှချင်တော့လည်း အရောင်တွေဆိုးကြတာပေါ့။ ဒါပေမယ့် ဆံပင်ဆိုးဆေးတွေ အကြောင်းကို မသိဘဲနဲ့ အရမ်းတော့ မလုပ်စေချင်ဘူး။ တန်ဆေးလွန်ဘေးမဟုတ်လား။ ဒါကြောင့် ညလေးတို့၊ မွီးတို့၊ ခေးတို့အတွက် မတ်မတ်သန်ရှာတွေ့ထားတဲ့ ရှောင်ရန်၊ ဆောင်ရန်လေးတွေ မျှဝေပေးလိုက်ပါတယ်နော်။

ဖတ်ပြီး ကိုယ့်လို ဆံပင်ဆိုးတာ ဝါသနာပါသူတွေကိုလည်း mention ခေါ်လိုက်ပါဦးနော်။

ဆံပင်ဆိုးဆေး အမျိုးအစားများ
တာရှည်ခံဆိုးဆေး
၈ပတ်ကနေ ၁၀ပတ်လောက်အထိ ခံတဲ့ အမျိုးအစားပါ။ တာရှည်ခံအောင်ပါဆိုမှတော့ အပြင်းစားဓါတုပစ္စည်းတွေပါမှာ လက်ခတ်မလွဲပါပဲ။
ယာယီဆိုးဆေ
ဒီအမျိုးအစားကတော့ အခုဆိုး၊ နောက်နေ့ ခေါင်းလျော်လိုက်ရင် ပျောက်သွားတဲ့ အမျိုးအစားပါ။ အရောင်စွဲနေအောင်လုပ်တဲ့ ဓါတုပစ္စည်းပြင်းအားကတော့ အပေါ်ကတစ်မျိုးလောက် မပြင်းပါဘူး။
ဆံပင်အရောင်ချွတ်ခြင်း
ရွှေရောင် ဆံပင်လေးလိုချင်လို့ အရောင်ချွတ်တယ်ဆိုတာ ဓါတုပစ္စည်းတွေနဲ့ ဓါတ်တိုးခြင်းလုပ်လိုက်တာပါပဲ။ လက်လွန်သွားရင်တော့ ရွှေရောင်မရပဲ အဖြူရောင်ဖြစ်သွားတတ်ပါတယ်။

ဆံပင်ဆိုးဆေးနှင့် ဆိုးကျိုးမျာ

  1.ခဏခဏအရောင်ပြောင်းဆိုးခြင်း
အထက်မှာ ပြောပြခဲ့တဲ့အတိုင်း ဆံပင်ဆိုးဆေးတွေမှာ အရောင်စွဲအောင် ပြင်းထန်တဲ့ ဓါတုပစ္စည်းတွေပါဝင်ပါတယ်။ အမိုးနီးယားဓါတ်က သင့်ရဲ့ဆံသားအတွင်းကို ခွဲပြီး ပါအောက်ဆိုဒ်လို့ခေါ်တဲ့ ဓါတ်တစ်မျိုးကတော့ အရောင်ကို ချွတ်ပစ်လိုက်ပါတယ်။ ပြီးမှ ဆိုးဆေးရဲ့အရောင်ကို အချိန်တစ်ခုပေးပြီး စွဲစေတာပါ။ ဒီလို ဆံသားကို ခွဲပြီး အတွင်းက မူလအရောင်ကို ခဏခဏ ဓါတုပစ္စည်းနဲ့ ဓါတ်ပြုစေခြင်းက ဆံပင်တွေကို ခြောက်သွေ့ကြမ်းတမ်းပြီး ပျက်စီးစေပါတယ်။ အရမ်းဆိုးဝါးလာရင်တော့ အဲဒီဆံပင်တွေကို ညှပ်ပစ်မှပဲ ရတော့မှာပေါ့။

  2.ဓါတ်မတည့်ခြင်း (အလာဂျီ)
ဆိုးဆေးတွေထဲမှာ PPD ဓါတ်ပေါင်းတစ်မျိုးပါဝင်ပါတယ်။ အရေပြားဓါတ်မတည့်တဲ့သူ၊ အရေပြားနုတဲ့သူ၊ နှင်းခူရောဂါအခံရှိသူတွေမှာ ပိုပြီး ဆိုးဆိုးဝါးဝါး တုန့်ပြန်တတ်ပါတယ်။ ပြီးတော့ ဒီတစ်ခေါက်မဖြစ်ဘူးဆိုပေမယ့် နောက်တစ်ခေါက်မဖြစ်ဘူးလို့ အာမမခံနိုင်ပါဘူး။ ဒီတော့ ပိုက်ဆံနည်းနည်းပိုကုန်တာကို မကြည့်ပါနဲ့။ ဆံပင် ကာလာချိန်းမယ်လို့ ဆုံးဖြတ်ထားပြီဆိုမှတော့ ကောင်းတဲ့ ဆိုးဆေးကိုသာ ဆိုးဖို့၊ ကျွမ်းကျင်တဲ့ ဆံသဆရာတွေနဲ့သာ ဆိုးဖို့ အကြံပေးပါရစေ။

  3.ကိုယ်ဝန်ဆောင်ချိန်နှင့် ကင်ဆာရောဂါ
ဆိုးဆေးတွေထဲမှာ ပါလေ့ရှိတဲ့ ခဲဓါတ်က အမျိုးသားရော အမျိုးသမီးတွေမှာပါ ကိုယ်ဝန်ဆောင်နိုင်ခြင်းကို အနှောက်အယှက်ပေးပါတယ်။ နောက် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ဆိုးဆေးအဆိပ်သင့်ရင် မိခင်ရော ကလေးမှာပါ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ အထိ အန္တရာယ်ပေးနိုင်ပါတယ်။

  4. ထိန်းသိမ်းခြင်း
ဆံပင်ဆေးဆိုးတာက ဆိုးပြီးတာနဲ့ ပြီးမသွားပါဘူး။ အရောင်လေးစိုနေအောင် အချိန်ပေးပြီး ပုံမှန်လေး ထိန်းသိမ်းပေးဖို့လို ပါတယ်။ ပုံမှန်မထိန်းသိမ်းနိုင်ခဲ့ရင် ဆံပင်တောက်ပမှုကင်းပြီး ခြောက်သွေ့ကြမ်းတမ်း ပျက်စီးလာပါလိမ့်မယ်။

  5.မျက်စိနာခြင်း
ဆိုးဆေးထဲမှာ ပါဝင်တဲ့ ဓါတုပစ္စည်းတွေက အခန့်မသင့်လို့မျက်စိထဲ ဝင်ရင်မျက်စိနာတာ၊ မျက်စိရောင်တာ ဖြစ်နိုင်ပါတယ်။
  
  6.ရင်ကြပ်ပန်းနာ
ဆိုးဆေးထဲမှာ ပါဝင်တဲ့ ဓါတ်ပစ္စည်းတွေရဲ့ အနံ့အသက်တွေက လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ ရင်ကြပ်ပန်းနာဖြစ်စေတတ်ပါတယ်။

ကဲ အပေါ်ကအချက်တွေကို ဖတ်ပြီး ဆံပင်အရောင်ပြောင်းဖို့ ကြောက်သွားကြပြီလား ချစ်တို့ရေ။ မကြောက်ပါနဲ့။ အောက်က သတိထားစရာ အချက်လေးတွေကို ဆက်ဖတ်ကြည့်ပါဦး။

  1. တာရှည်ခံ ဆိုးဆေးတွေကို တတ်နိုင်သလောက် ရှောင်ပါ။ ကာလာပြောင်းချင်ရင် ယာယီဆိုးဆေးလေးတွေ ရွေးလို့ရပါတယ်။ တာရှည်ခံဆိုးဆေးလောက် ဓါတုပစ္စည်းပါဝင်မှုနှုန်း မများနိုင်တော့ဘူးပေါ့။
  2. ဆံပင်ဆေးဆိုးတော့မယ်ဆိုရင် အရင်ဆံပင်နည်းနည်းကို စမ်းပြီး ဆိုးကြည့်ပါဦး။ ဒီဆိုးဆေးက ကိုယ်နဲ့တည့်မတည့် စမ်းကြည့်သင့်ပါတယ်။ တည့်ရင်တော့ carry on ပေါ့။
  3. ဆံပင်ဆိုးတဲ့ ကိစ္စမှ မဟုတ်ပါဘူး။ ဘယ်ကိစ္စမဆို ဆရာမပြ နည်းမကျပါ။ ဆရာကျတဲ့ professional တွေဆီမှာသာ လုပ်သင့်ပါတယ်။ ဆံပင်ဆေးဆိုးပြီးရင် ထိန်းသိမ်းတတ်ဖို့ကလည်း လိုသေးတာကိုး…နော။
  4. လေဝင်လေထွက်ကောင်းပြီး အလင်းရောင် ကောင်းကောင်းရတဲ့နေရာမှာ ဆိုးပါ။ ပါဝင်တဲ့ ဓါတုပစ္စည်း အနံ့အသက်တွေက ချစ်တို့ရဲ့မျက်စိ၊ နှာခေါင်းနဲ့ လည်ချောင်း၊ အဆုပ်တို့ကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ 
  5. အထက်ကပြောခဲ့သလိုပါပဲ။ ပိုက်ဆံနည်းနည်းပိုကုန်တာက အရေးမကြီးပါဘူး။ ကိုယ့်ကို ဒုက္ခမပေးနိုင်တဲ့ ကောင်းတဲ့ ပစ္စည်းကိုသာ ရွေးသုံးပါလို့ အကြံပြုတိုက်တွန်းရင်း လှသထက်ပိုလှနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

နောက်ပို့စ်တွေမှာလည်း ချစ်တို့အတွက် ဘယ်လိုအသုံးဝင်တာလေးတွေ တင်ပေးမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်။ ချလစ်ယူ💗💗💗

သန္တာကိုကို (ဆေးတက္ကသိုလ်)



Comments

Popular posts from this blog

လက်သည်းက ပြောသော သင့်ကျန်းမာရေးအကြောင်း

ဆံပင်ကျွတ်ခြင်း