လက်သည်းက ပြောသော သင့်ကျန်းမာရေးအကြောင်း



တနေ့တနေ့ ကိုယ့်ရဲ့လက်သည်းလေးတွေကို ကြည့်ပြီး ပီတိဖြစ်နေရတာ ဘာနဲ့မှ မလဲနိုင်ဘူးဆိုသူ ညလေးတို့ရေဒီတခါ မတ်မတ်သန်က လက်သည်းလေးတွေကို ကြည့်တာနဲ့ ဘာဖြစ်နေတယ်ဆိုတာလေး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ငယ်ငယ်ကဆို လက်သည်းပွင့်တယ်ဆိုတဲ့ အဖြူပွင့်လေးတွေ ပေါ်လာရင် ရည်းစားရတော့ မယ်ဆိုတာ မွီးတို့၊ ညလေးတို့တော့ မသိဘူး။ မတ်မတ်သန်တို့တော့ ဖြစ်ဖူးပါရဲ့။ (လက်သည်းပွင့်တာ ပြောတာပါ။)
Nail Spa သွားပြီး လက်သည်းပန်းချီလေးတွေဖော်၊ အရုပ်လေးတွေဖော်နဲ့ အရမ်းချစ်ဖို့ကောင်းတာ မှန်ပေမယ့် တကယ်ကတော့ ဒီလိုလုပ်လိုက်ခြင်းကြောင့် လက်သည်းအောက်ခြေ (အောက်ခံအသား)ကို မမြင်ရတော့ပါဘူး။ ပိုဆိုးတာက အပေါ်ကနေ လက်သည်းတု ထပ်ကပ်လိုက်ခြင်းကလည်း အောက်ခံလက်သည်းပေါ်မှာ ဘာဖြစ်နေလဲဆိုတာ မမြင်ရတော့တဲ့အတွက် ကျန်းမာရေးရှုထောင့်ကကြည့်ရင် အဆင်မပြေပါဘူး။

နောက်တစ်ခုက ခုခေတ်ယောက်ျားလေးတွေ အီမိုဆိုလား၊ ဘာလား။ လက်သည်းအမဲတွေဆိုးထားတာ။ မတ်မတ်သန်တော့ ကြည့်မရပါဘူး။ ထားပါ။ ပြောချင်တာ လမ်းလွဲကုန်ပြီ။

အဓိကက ချစ်တို့ ခုပြင်နေတဲ့ လက်သည်းလေးတွေက ခွက်နေရင် ဘယ်လို၊ ခုန်းနေရင် ဘယ်လိုဆိုတာလေးတွေနဲ့ သူတို့နဲ့ ပတ်သက်တဲ့ တွေ့ရများတဲ့ ကျန်းမာရေး ပြသနာလေးတွေကို ပြောပြပေးသွားမှာမို့ ဆက်ဖတ်ကြည့်လိုက်ပါဦးနော်

အဖြူစင်း (Muehrckes Nails)
လက်သည်းရဲ့အောက်ခြေနဲ့ အပြိုင် အဖြူရောင်လိုင်းလေးတွေ ပေါ်လာတာမျိုးက ကင်ဆာလူနာတွေ ဆေးသွင်းကုသပြီးချိန်မျိုးမှာ တွေ့ရတတ်သလို အသည်းနဲ့ကျောက်ကပ် ဝေဒနာရှင်တွေမှာတွေ့ရတတ်တဲ့ လက္ခဏာတစ်ခုပါ။

တင်းပုတ်လက်သည်း (သို့) လက်သည်းခုံးခြင်း
လက်သည်းအောက်ခံအသားကနေ အပေါ်ကို ခုံးတက်နေတာမျိုးကို ပြောတာပါ။ ပုံမှန်အနေနဲ့လည်း တွေ့ရလေ့ရှိတတ်ပေမယ့် အသည်းရောဂါ၊ နှလုံးရောဂါ၊ အဆုတ်နဲ့ ပတ်သက်တဲ့ရောဂါ၊ အူမကြီး ရောင်ရမ်းနာတွေ အပြင် HIV ရောဂါသည်တွေမှာလည်း တွေ့ရတတ်ပါတယ်။

လက်သည်းချိုင့်ခြင်း (Beaus Lines)
လက်သည်းကို ထိခိုက်ဒဏ်ရာရပြီး လက်သည်းအသစ် ပြန်ထွက်တဲ့ အချိန်မျိုးမှာ တွေ့ရတတ်ပေမယ့် ကိုယ်ပူဖျားကြီးလွန်းပြီးလည်း ဖြစ်တတ်ပါတယ်။ ကင်ဆာဆေးသွင်းကုသနေတဲ့ အချိန်မျိုးမှာလည်း တွေ့ရတတ်ပါတယ်။ ဆီးချို၊ သွေးကြောကျဉ်းခြင်းတို့အပြင် ဇင့်ဓါတ်လျော့နည်းခြင်းတွေမှာလည်း တွေ့ရတတ်ပါတယ်။

ဇွန်းပုံ လက်သည်းခွက်ခြင်း (Spoon Nails)
အလွန်ပါးလွှာပြီး ပြားနေခြင်း (သို့) ရေတစ်စက်တင်လို့ ရလောက်အောင်ကို ခွက်ဝင်နေခြင်းကို တွေ့ရမှာ ဖြစ်ပြီး သံဓါတ်ချို့တဲ့ခြင်းကို ပြဆိုနေတာပါ။

လက်သည်းဖြူ (Terrys Nails)
လက်သည်းရဲ့ထိပ်ဘက်မှာ လက်သည်းအောက်ခြေနဲ့ကွာပြီး ကွာနေတဲ့နေရာမှာ သွေးခြေဥသလိုမျိုး နီညိုရောင် အစင်းကြီး ဖြစ်ပေါ်လာတာမျိုးကို လက်ချောင်းလေးတွေတိုင်းမှာ တွေ့ရတာမျိုးကို Terrys Nailလို့ ခေါ်ပါတယ်။ ပုံမှန် သက်ကြီးရွယ်အိုတွေမှာ တွေ့ရတတ်ပြီး အသည်းဝေဒနာသည်တွေ၊ သွေးချိုဆီးချိုရောဂါသည်တွေအပြင် နှလုံးရောဂါ နဲ့ HIV ရောဂါသည်တွေမှာပါ တွေ့ရတတ်ပါတယ်။


ဒါဆို လက်သည်းလေးတွေ ကျန်းမာအောင် ဘာလုပ်မလဲ။
  • ဇင့်ဓါတ် သံဓါတ် ကြွယ်ဝတဲ့ အစားအစာစားပါ။
  • ဗိုက်တာမင် E အဆီကို လိမ်းပြီး နှိပ်နယ်ပေးပါ။
  • လက်သည်းတွေ ပိုသန်စွမ်းကြံ့ခိုင်အောင် ဗိုက်တာမင် B ဓါတ်လုံလောက်အောင် စားပေးပါ။ (မုန်လာဥနီ၊ အစေ့အဆံ စတာတွေ) Biotin ဓါတ်က အရေးအကြီးဆုံး B ဓါတ်ဖြစ်ပါတယ်။
  • လက်သည်းဖျက်ဆေးတွေထဲမှာ ပါဝင်ပစ္စည်းတွေကို သေချာကြည့်ပြီး ရွေးချယ်ဝယ်ယူ သုံးစွဲသင့်ပါတယ်။ Acetate အခြေခံ လက်သည်းဖျက်ဆေးကို သုံးစွဲသင့်ပါတယ်။ Acetone နှင့်လုပ်ထားတဲ့ လက်သည်းဖျက်ဆေးက လက်သည်းတွေကို ခြောက်သွေ့ ကျွတ်ဆတ်စေပါတယ်။


 ကဲမတ်မတ်သန်ကတော့ စပ်စုထားသလောက် ဖောက်သည်ချပြီးပြီဆိုတော့.ချစ်တို့လည်း ဒီစာဖတ်ရင်းနဲ့ ကိုယ့်လက်သည်းကို ကြည့်နေပြီမလား။ သိနေတယ်နော်။ လက်သည်းလေးတွေကို ဂရုစိုက်သလို ကျန်းမာရေးလည်း ဂရုစိုက်ကြပါလို့ မှာချင်ပါတယ်။

ပိုပိုလှနိုင်ကြပါစေကွယ်။

သန္တာကိုကို (ဆေးတက္ကသိုလ်)

Comments

Popular posts from this blog

ဆံပင်ကျွတ်ခြင်း

ဆံပင်ဆေးဆိုးခြင်း