“ကလေးငယ်များနှင့် ခွဲခွာခြင်း သောက”


ကျောင်းဖွင့်ရာသီရောက်ပြီ။ ကလေးတွေအနေနဲ့လည်း ကျောင်းပြန်တက်ရတော့မယ်ဆိုတော့ သူငယ်ချင်းဟောင်းတွေနဲ့ ပြန်တွေ့ရတော့မယ်ဆိုပြီး တွေးတွေးပြီး ပျော်နေနိုင်ပေမယ့် တခါမှ ကျောင်းမနေဖူးသေးတဲ့ ကလေးတွေ (ဥပမာ - မူကြို) ကတော့ သူမရောက်ဖူးတဲ့ ပတ်ဝန်းကျင် အသစ်မှာ အမေ့ကိုခွဲ၊ အိမ်ကလူတွေကို ခွဲခွာပြီး ကိုယ့်အားကိုယ်ကိုးပြီး စနေရတော့မှာမို့ ကြောက်နေမှာ အမှန်ပါပဲ။ တမိသားစုလုံးကလည်း အရမ်းချစ်ရတဲ့ ကလေးဆိုတော့ သူကြောက်နေတာကို ကြည့်ပြီး စိတ်မကောင်း စိတ်ပူကြရပါတယ်။ ဒါက သားဦးဆိုပိုဆိုးပါတယ်။ အမေတွေဆို ကလေးကျောင်းစပို့တဲ့နေ့ဆို ကျောင်းရှေ့ကနေ မပြန်နိုင်ဖြစ်ပြီး စိတ်မချနိုင်ဖြစ်နေရတာ သဘာဝပါ။ သင်(အမေ) တစ်ယောက်တည်းမဟုတ်ပါဘူး။ ပြီးတော့ ဒါဟာ ပထမတစ်ပတ်မှာတော့ ဖြစ်နေနိုင်ပါတယ်။
ကံကောင်းတာတစ်ခုက အခုခေတ်မှာ အင်တာနက်တွေ အရမ်းတိုးတက်လာတော့ ကိုယ်တစ်ယောက်တည်း ဖြစ်နေတာလားဆိုတာတွေ ရှာဖွေဖတ်ရှုပြီး ဆောင်ရန်၊ ရှောင်ရန်လေးတွေ ဖတ်၊မှတ်လို့ရတာပေါ့။ ဒီတော့ Admin ကလည်း မေမေတို့ အတွက် တတ်နိုင်သမျှလေးတွေ ရှာဖွေမျှဝေလိုက်ရပါတယ်နော်။
စိတ်လှုပ်ရှားစရာဖြစ်ပါစေ
ကျောင်းစတက်ရတော့မှာဆိုတော့ ကျောင်းဝတ်စုံ၊ လွယ်အိတ်အသစ်၊ ဖိနပ်အသစ် ဝယ်ပေးခြင်းဖြင့် စိတ်ပြောင်းပေးပါ။ ပထမဆုံးနေ့ ကျောင်းဆင်းလာရင်လည်း သားသား/မီးမီးက မငိုလို့ (အကြောင်းတစ်ခုခုပြပြီး) ဆုချပေးပါ။ အရုပ်သေးသေးလေးပဲဖြစ်ဖြစ်။ ဒါဆို သူလည်းနောက်နေ့ကျောင်းသွားရမှာ မကြောက်တော့ဘူးပေါ့။
စာအတူတူဖတ်ပါ။
သင့်ရင်သွေးကို အိပ်ရာဝင်ပုံပြင်ဖတ်ပြပါ။ ပုံပြင်တွေထဲမှာ ပညာမတတ်ရင် ဒုက္ခရောက်တတ်ကြောင်း၊ ဒါကြောင့် ကျောင်းကို သွားဖို့လိုအပ်ကြောင်း သိမ်းသွင်းတဲ့ ပုံပြင်လေးတွေရှိပါတယ်။ ရှာပြီး ဖတ်ပြခြင်းဖြင့် ကလေးငယ်ရဲ့စိတ်ကို စည်းရုံးသိမ်းသွင်းဖို့ လိုပါတယ်။
အစမ်းလေ့ကျင့်ပါ။
ပတ်ဝန်းကျင်အသစ်ကို ရောက်ရောက်ချင်း အသားမကျနိုင်တာ သဘာဝပါ။ ကျောင်းစစတက်ခြင်းဆို ပိုဆိုးတာပေါ့။ တချို့မူကြိုကျောင်းတွေက ကျောင်းစမဖွင့်ခင် ကျောင်းစာသင်ခန်းထဲကို ပေးမဝင်ပေမယ့် သင့်ရင်သွေးကို ကျောင်းဝင်းထဲက ကစားကွင်းလေးကို ခေါ်သွားပြီး သူတက်ရတော့မယ့်ကျောင်းနဲ့ ယဉ်ပါးအောင် လေ့ကျင့်ပေးလို့ရပါတယ်။
အတူတူ အချိန်ဖြုန်းပါ။
တနွေရာသီလုံး ကလေးနှင့် ကောင်းကောင်းရှိပြီးပြီဆိုရင် (ဥပမာ - ကမ်းခြေကို ခရီးထွက်တာမျိုး၊ သစ်ပင်တူတူစိုက်တာမျိုး) ကျောင်းဖွင့်ချိန်မှာ သင့်ကလေးငယ်နဲ့ ဒီတခါကျောင်းပိတ်ရင် ဘယ်ကို ခရီးထွက်မယ် (သို့) ဘာလုပ်မယ်ဆိုတာမျိုး အစီအစဉ်ဆွဲထားလို့ရပါတယ်။ ဒါဆို သူလည်းပျော်၊ ကိုယ်လည်းပျော်။ ကတိမပျက်ဖို့တော့ လိုမယ်နော်။
တတ်နိုင်သမျှ စိတ်အေးအေးထားပါ။
မနက်တိုင်း ကိုယ်က အလုပ်သွားရမယ်။ ကလေးက ကျောင်းမသွားချင်၊ အိပ်ယာမထချင်။ စိတ်တိုမိမယ်။ အော်ငေါက်မိ၊ တခါတလေ ရိုက်မိတာတောင်ရှိတတ်ပါတယ်။ ပြီးရင် ကိုယ်ပဲ စိတ်မကောင်းဖြစ်ရတတ်ပါတယ်။ အဲလိုတွေ မဖြစ်ရအောင် ည စောစော အိပ်တဲ့အကျင့်လေးလုပ်ပေးလိုက်ပါ။ မနက်ကို နှိုးစက်နာရီဝက် ကြိုပေးထားပါ။ ကိုယ့်အလုပ်တွေကိုလည်း ညမအိပ်ခင် ကြိုစဉ်းစားပြီး ချရေးထားပါ။ ဒါမှ ကလေးဂျီကျလို့ ကတိုက်ကရိုက် အလုပ်ကို ပြေးရရင်တောင်မှ အေးဆေးဖြစ်နိုင်ပြီလေ။
ခွဲခွာကျင့်လေးလုပ်ထားပါ
ကလေးတိုင်း မိခင်ကို မခွဲချင်တာ သဘာဝပါ။ အမေတွေကလည်း ကလေးကို ကိုယ့်ရင်ခွင်မဟုတ်တဲ့ ကျောင်းမှာ ထားခဲ့ရတာ စိတ်မချနိုင်ဖြစ်နေတတ်ပါတယ်။ ဒီတော့ ခွဲခွာကျင့်လေးလုပ်ပေးထားလိုက်ပါ။ ဥပမာ - ကျောင်းရောက်ရင် အခန်းထဲကို တန်းဝင်နော်။ မေမေ သားသားကို စိတ်ချမယ်နော်။ အပြင်ပြန်မထွက်လာနဲ့တော့။ စောစောလာကြိုမယ် စသဖြင့်ပေါ့။ ပြောတာတော့ လွယ်လိုက်တာလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် အတွေ့အကြုံရှိတဲ့ မေမေတွေကတော့ အထက်က အချက်အတိုင်းလိုက်နာဖို့ပဲ သင့်ကိုပြောမှာ မလွဲပါ။

ကလေးမြင်သာတဲ့နေရာမှာ မနေပါနဲ့
ကလေးရဲ့အတန်း ပြတင်းပေါက်ကနေ လှမ်းပြီးကြည့်နေတာ သင့်ကလေးကိုလည်း နောက်ဆံငင်စေပါတယ်။ နှုတ်ဆက်ပြီးတာနဲ့ ပြန်ပါတော့။ ညနေကျောင်းဆင်းရင် ပြန်တွေ့ရမှာပဲ ဥစ္စာ။
အရေးကြီး ပစ္စည်းတွေ
ကျောင်းကို အရုပ်တွေ ယူမလာရဘူးဆိုပေမယ့် ချော့မရလောက်အောင် ဖြစ်နေခဲ့ရင် သူ့ဆရာမက ကလေး စိတ်ပြောင်းသွားအောင်လုပ်နိုင်မယ့်အရာလေးတွေတော့ ထည့်ပေးထားသင့်ပါတယ်။ ဆရာမကိုလည်း အသိပေးထားပါ။
အကောင်းမြင်စိတ်မွေးပါ။
ကျောင်းထဲကို ငိုပြီး ဝင်သွားတဲ့ ကိုယ့်ကလေးကို ကြည့်ပြီး ကိုယ်တိုင်က ငိုချင်ခဲ့ရင်တောင်မှ ဒါဟာ ငါ့ကလေး ကောင်းဖို့ ကျောင်းတက်တာ လို့စိတ်တင်းပြီး အကောင်းမြင်စိတ်လေး မွေးကြည့်ပါ။
အချိန်ပေးပါ။ လေ့လာပါ။
သင့်ကလေးက နေ့တိုင်းကျောင်းမပျော်ဘူး ငိုပဲငိုနေတယ်ဆိုရင် အကြောင်းရင်းကိုရှာပါ။ သူငယ်ချင်းမရဘဲ စိမ်းနေတာဆိုရင် ကလေးရဲ့ သူငယ်ချင်းတွေကို အိမ်မှာ ဖိတ်ခေါ်ပြီး ကစားဖို့ စီစဉ်ပေးသင့်ပါတယ်။ ဒါမှမဟုတ် ကျောင်းမှာ အနိုင်ကျင့်ခံနေရတာလား။ ကလေးကို အချိန်ပေးပြီး သေချာမေးမြန်းပါ။ မုန့်စားကျောင်းလွှတ်ချိန် ခနသွားတွေ့တာမျိုး၊ ဆရာမနဲ့ သေချာတွေ့ဆုံဆွေးနွေး ကြည့်တာမျိုးပေါ့။  

နဒီလင်းသစ် (ဆေး-၂)

Comments

Popular posts from this blog

လက်သည်းက ပြောသော သင့်ကျန်းမာရေးအကြောင်း

ဆံပင်ကျွတ်ခြင်း

ဆံပင်ဆေးဆိုးခြင်း