ဆံပင်ကျွတ်ခြင်း


မနက်အိပ်ယာထချိန် ခေါင်းအုံးမှာ ဆံပင်တွေ တွေ့ရလို့ စိတ်ညစ်နေလား။ ခေါင်းလျှော်ရင် လက်ထဲမှာ ဆံပင်တွေ အထွေးလိုက် ဖြစ်နေလို့ စိတ်ပူနေလား။ ခေါင်းဖြီးရင် ဘီးမှာ ဆံပင်တွေအများကြီးမို့ စိတ်ဆင်းရဲနေလား။ မတ်မတ်သန် ရှာရှာဖွေဖွေ စပ်စုထားတာလေးတွေ ဝေမျှပေးလိုက်တယ်နော်…

အမျိုးသားတွေက အမျိုးသမီးတွေထက် ဆံပင်ပိုကျွတ်ပါတယ်။ ဒါကြောင့် ထိပ်ပြောင်ကြတာပေါ့။ ဒါပေမယ့် အမျိုးသမီးတွေလည်း ဆံပင်ပါးပြီး ကျွတ်တတ်ကြပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းခံပေါ်မူတည်ပြီး ယာယီလည်းဖြစ်နိုင်သလို တသက်လုံးလည်းဖြစ်တတ်ပါတယ်။ ကုသနည်းတွေကလည်း အကြောင်းရင်းခံပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားသွားတတ်ပါသေးတယ်။
ကဲ…့ခေါင်းပေါ်က ဆံပင်တွေဘာလို့ နဲသွားတာလဲ။ ဘယ်လို ကာကွယ်ရမလဲ ဆက်ဖတ်ကြည့်လိုက်ပါဦး။

    ကိုယ်ဆင်းရဲခြင်း
ခန္ဓာကိုယ် ပင်ပန်းဆင်းရဲခံရလွန်းတဲ့ အခါမှာ ဆံပင်တွေက ခံနိုင်စွမ်းမရှိတော့ရင် စွန့်ခွါထွက်ပြေးကုန်ကြတာကြောင့် ဆံပင်တွေ ပါးကုန်တာပေါ့။ ထိခိုက်ဒဏ်ရာရတာ၊ ယာဉ်မတော်တဆမှုဖြစ်တာ၊ ကင်ဆာရောဂါလို အပြင်းအထန် နေမကောင်းဖြစ်တာတွေကစလို့ တုတ်ကွေးမိတာတွေအထိပါဝင်ပါတယ်။ နောက်ပြီး လှချင်လွန်းလို့ ကိုယ့်ဘာသာလုပ်ယူလေ့ရှိတဲ့ အလွန်အကျွံ ကိုယ်အလေးချိန်ချတာမျိုးတွေလည်း ပါဝင်ပါတယ်။ ဒါတွေက ခန္ဓာကိုယ်ကို အပြင်းအထန် ဖိစီးမှုဖြစ်စေပါတယ်။  
ဒီလိုအကြောင်းတွေကြောင့် ဆံပင်ကျွတ်တာက ယာယီပါ။ ဆံပင်တွေမှာ အသစ်ထွက်ခြင်း၊ ရပ်နားခြင်း နှင့် ကျွတ်ခြင်း ဆိုတဲ့ သံသရာရှိရာမှာ ဒီလို အပြင်းအထန်အပြောင်းအလဲတွေ ခန္ဓာကိုယ်မှာ ကြုံလာခဲ့ရင် မခံစားနိုင်တော့ဘဲ ကျွတ်ထွက်ကုန်တတ်ကြပါတယ်။ ဒါပေမယ့် နေပြန်ကောင်းလာရင်တော့ ပြန်ထွက်လာမှာမို့ စိတ်မပူကြပါနဲ့။

စိတ်ဆင်းရဲခြင်း
ရည်းစားနဲ့ လမ်းခွဲရတာ၊ ကွာရှင်းပြတ်စဲတာ၊ ချစ်ရတဲ့ တစုံတယောက်သေဆုံးတာ ဒါတွေက စိတ်ဖိစီးမှုကို ဖြစ်စေတဲ့အတွက် ဆံပင်ကျွတ်တတ်ပါတယ်။ ဒါပေမယ့် ကိုယ်ဆင်းရဲခြင်းလောက် ကျွတ်နှုန်းမပြင်းထန်ပါဘူးလို့လည်း ဆိုကြပါတယ်။ အချိန်က ကုစားပေးသွားမှာပါ။


ကိုယ်ဝန်ဆောင်ခြင်း
ကိုယ်ဝန်ဆောင်ခြင်းကလည်း ခန္ဓာကိုယ်ဆင်းရဲခြင်း တမျိုးပါပဲ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ထားချိန်ထွက်တဲ့ ဟော်မုန်းတွေက ဆံပင်ကျွတ်ခြင်း ထက်ဆံပင်တောင် ပိုသန်လာစေတယ်လို့ ပြောကြပါတယ်။
တကယ်ကျွတ်တဲ့ အချိန်ကတော့ မီးဖွားပြီးချိန်ပါ။ မီးဖွားစဉ်မှာ နာကျဉ်ခြင်းကစလို့ ရင်သွေးလေးကို ပြုစုစောင့်ရှောက်ရတဲ့ အချိန် စိတ်ရော၊ ကိုယ်ပါ ပင်ပန်းဆင်းရဲ အအိပ်အစား မမှန်ရာကစလို့ ဆံပင်တွေ ကျွတ်တော့တာပါပဲ။ (ဒါဆို ကလေးမယူနဲ့ပေါ့…အလကားစတာနော်😍😍😍)
ဒါတွေဟာ ဖြစ်နေကျ ဓမ္မတာဖြစ်လို့ လအနည်းငယ်အတွင်း ဆံပင်တွေ ပြန်ထွက်လာမှာ အသေအချာပါပဲ။ Fighting မေမေတို့ရေ…💪💪💪

အစားအသောက်ချို့တဲ့ခြင်းနှင့် ဆံပင်ပြသနာ
တချို့အစားအသောက် အရမ်းဂျီးများတဲ့ သူတွေရှိပါတယ်။ ဟိုဟာမစား၊ ဒီဟာမစားနဲ့ အင်မတန် အရွေးလွန်တဲ့သူတွေဟာ ဆံပင်ပိုကျွတ်လွယ်ပါတယ်။ နေ့စဉ်စားရမယ့် အစားအစာတွေထဲမှာ ပါဝင်ရမယ့် ဗိုက်တာမင်တွေ သတ္ထုဓါတ်တွေကို မရတဲ့ အတွက် ဆံပင်မသန်ပဲ ကျွတ်လွယ်လာပါတယ်။ အသားဓါတ်ချို့တဲ့ရင် ဆံပင်တွေဆီကို အာဟာရ မရောက်တဲ့အတွက် အသစ်ထပ်မထွက်နိုင်တော့ပါဘူး။ ဗိုက်တာမင် ဘီဓါတ်ချို့တဲ့ရင် ဆံပင်ကျွတ်လွယ်ပါတယ်။ သံဓါတ်ချို့တဲ့ရင် သွေးအားနည်းပြီး ဆံပင်တွေဆီ သွေးရောက်တာ နဲလာတဲ့အတွက် ဆံပင်ကျွတ်လွယ်ပါတယ်။ နောက် ဗိုက်တာမင်အေဓါတ် များလွန်းရင်လည်း ဆံပင်ကျွတ်ပါတယ်။ ဒါကြောင့် အားဆေးသောက်ရင် ဆေးညွှန်းသေချာဖတ်ပါလို့။
ဒီအကြောင်းရင်းတွေကြောင့် ဆံပင်ပါးတယ်ဆိုရင်တော့ နောက်ဆို ဂျီးမများပဲ အကုန်စားပေါ့။ အစားအသောက်က လူနဲ့တည့်ပါတယ်။ စားသာစား သလား😋😋😋။


အမျိုးသားပုံစံ ထိပ်ပြောင်ခြင်း
ယောက်ျားတွေ ထိပ်ပြောင်တာ သဘာဝပေမယ့် မိန်းမတွေထိပ်ပြောင်တာ၊ ဆံပင်ပါးတာတော့ ကြည့်မကောင်းဘူးလေ…နော။ (တော်ကြာ အိမ်ကဟာကြီး ဖတ်မိပြီး မတ်မတ်သန်ကို လာရန်လုပ်နေဦးမယ်😅😅😅) ယောက်ျားတွေက ကျားဟော်မုန်းကြောင့် အသက်ကြီးလာတာနဲ့အမျှ ဆံပင်တွေကျွတ်ပြီး ပါးလာတတ်ပါတယ်။
စိတ်မပျက်ကြပါနဲ့ ကွီးတို့ရေ။ Minoxidil တို့ Finestride တို့လိုဆေးမျိုးသုံးလို့ရနေပါပြီ။ ဆံပင်ပေါက်ဆေးလို့ ဆေးဆိုင်တိုင်းမှာ မေးဝယ်လို့ ရနေပါပြီ။ မသုံးခင်တော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပါဦးလို့တော့ အကြံပြုပါရစေရှင့်။

မျိုးရိုးလိုက်ခြင်း
မျိုးရိုးထဲမှာ အရွယ်မတိုင်ခင် ဆံပင်အရမ်းပါးတဲ့သူ၊ ဆံလုံးသေးလွန်းသူ၊ ဆံပင်မသန်သူတွေရှိတယ်ဆိုရင်တော့ သင်ကိုယ်တိုင်လည်း ဒီလမ်းကြောင်းလိုက်ရဖို့ သေချာသလောက်နီးနီးပါပဲ။ ဒါပေမယ့် စိတ်မပူပါနဲ့။ အထက်က ဖော်ပြခဲ့တဲ့ ဆေးတွေသုံးလို့ ရပါတယ်။ ဆရာဝန်နဲ့တော့ သေချာတိုင်ပင်ပါလို့ ထပ်သတိပေးလိုက်ပါရစေ။


ဟော်မုန်းအကြောင်းရင်းခံ
ယောက်ျားဟော်မုန်းက ဆံပင်တွေကျွတ်တတ်ပြီး၊ ယောက်ျားပီသမှုကိုပြသတဲ့ ကြွက်သားတွေကို သန်မာစေပြီး အားကြီးစေပါတယ်။ မိန်းမဟော်မုန်းတွေကတော့ ဆံပင်ရဲ့ကောင်းခြင်း၊ လက်သည်းရဲ့ကောင်းခြင်း စတဲ့ မိန်းမပီသခြင်းနဲ့ အလှအပတွေကို အားဖြည့်ပေးပါတယ်။ (ရိုက်လိုက်ပါဦး✋✋✋)
နောက်ပြီး တခြားဟော်မုန်းတွေ ကမောက်ကမဖြစ်ရင်လည်း ဆံပင်ကို သက်ရောက်မှုရှိပါသေးတယ်။
ဥပမာ - သိုင်းရွိုက်ဟော်မုန်း။ သူအားနည်းရင် ဆံပင်တွေခြောက်သွေ့ပြီး ကြမ်းတမ်းလာမယ်။ မာကြောကြွတ်ဆတ်လာမယ်။ ပြီးရင် ကျွတ်တော့တာပါပဲ။ ဆရာဝန်သေချာပြပြီး ကုသသင့်တဲ့ အခြေအနေတစ်ခုပါပဲ။
နောက်တစ်ခုက PCOS လို့ခေါ်တဲ့ သားဥအိမ်ရေကြည်အိပ်တည်တဲ့ ရောဂါပါ။ အဲဒီရောဂါက အမျိုးသားဟော်မုန်းတွေမြင့်ပြီး ရာသီလာမမှန်တာတွေ၊ ကိုယ်အလေးချိန်တိုးပြီး အဝလွန်လာတာတွေဖြစ်တတ်ပြီး ဆီးချိုရောဂါဖြစ်နိုင်ချေ မြင့်လာပါတယ်။ သားဖွားမီးယပ်ဆရာဝန်နဲ့သေချာ ပြသပြီး ကုသသင့်သလို၊ တဖက်ကလည်း အားကစားလုပ်ခြင်း၊ အစားအသောက်ထိန်းခြင်းတို့ကို ပုံမှန်လုပ်ပေးသင့်ပါတယ်။ (ဆိုးဆက်ဘေဘီ…😈)
အားကစားသမားတွေ ကြွက်သားတက်လာအောင် အလွဲသုံးလေ့ရှိတဲ့ Anabolic Hormone တွေကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။

ကိုယ်ခံအားပြသနာ
ခန္ဓာကိုယ်တွင်းက ခုခံအားတွေ ကမောက်ကမဖြစ်လာတဲ့ အခြေအနေမျိုးမှာ ကိုယ့်ဆံပင်တောင် ကိုယ်မမှတ်မိတော့လို့ ဖယ်ရှားခံလိုက်ရတဲ့ အခါမျိုးတွေ ရှိပါတယ်။
ကျွတ်လွန်းလို့ ပြောင်သွားတဲ့နေရာကို Steroid ထိုးခြင်းဖြင့် ကုသလို့ရပါတယ်။ တခြားကုသနည်းတွေလည်း အများကြီးရှိတာမို့ အရေပြားအထူးကုနဲ့ သေချာတိုင်ပင်ပါလို့ပဲ ပြောပါရစေ။

ရောဂါအခံနှင့် ဆေးဝါးပြသနာ
တချို့သောရောဂါတွေကြောင့် သောက်နေရတဲ့ ဆေးဝါးတွေရဲ့ ဒဏ်ပိခြင်းတွေကြောင့်လည်း ဆံပင်ကျွတ်တတ်သလို ရောဂါကိုယ်နှိုက်ကလည်း ကျွတ်တတ်ပါတယ်။ ဥပမာ - နှလုံးရောဂါကြောင့် သောက်နေရတဲ့ သွေးကျဲဆေးတအချို့၊ အကိုက်အခဲပျောက်ဆေးတချို့၊ လေးဖက်နာပျောက်ဆေးတချို့၊ နောက်စိတ်ကျရောဂါကုဆေးတွေကလည်း ဆံပင်ကျွတ်တတ်ပါတယ်။
နောက်တစ်ခုက ကိုယ်တိုင်ဆံပင်တွေကို ဆွဲနှုတ်လေ့ရှိတဲ့ စိတ်စွဲလမ်းမှုလွန်ရောဂါကြောင့်လည်း ဆံပင်တွေမရှိတော့တာ ဖြစ်နိုင်ပါတယ်။ ကျွမ်းကျင်ဆရာဝန်နဲ့ သေချာပြပြီး ကုသပါလို့။

အသက်အရွယ်
အသက်ကြီးလာရင် ဆံပင်တွေပါးလာမှာပဲပေါ့။ တစ်သက်လုံး တဖြည်းဖြည်းချင်း ကျွတ်လို့လေ။ ဘာမှလုပ်လို့မရပါဘူး။ အထက်မှာ ပြောခဲ့သလို ပါပဲ။ အကြောင်းရင်းတခုခုကြောင့် ဆိုရင်တော့ အဲဒီအကြောင်းရင်းကို ကုသရမှာပဲ ဖြစ်ပါတယ်ရှင့်။

ပဲများလွန်းခြင်း
နောက်ဆုံးတချက်ကတော့ ပဲပိတာပါ။ လှချင်လွန်းလို့ ဆံပင်တွေကို ကောက်လိုက်၊ ဖြောင့်လိုက်၊ ကာလာတွေဆိုးလိုက် မျိုးစုံတွေလုပ်တော့ အဲဒီဆိုးဆေး၊ ကောက်ဆေး၊ ဖြောင့်ဆေးတွေမှာပါတဲ့ ဓါတုပစ္စည်းတွေရဲ့ဒဏ်ကို တောက်လျှောက်ခံနေရတော့ ဒီဆံပင်မှ မပျက်စီးရင် ဘယ်ဆံပင်မှ ပျက်စီးမှာ မဟုတ်ဘူးလေ။ ဟုတ်တယ်ဟုတ်။
အဲ…ဒီတချက်ကတော့ ကုရာနတ္ထိဆေးမရှိပါဘူး။ (စတာနော်😂😍😘)။ ကိုယ်ဘာလုပ်တတ်လဲ အသိဆုံးမို့ ကိုယ့်ဘာသာ ဆင်ခြင်ကြပေတော့လို့သာ သတိပေးရင်း…

ပိုပိုလှနိုင်ကြပါစေကွယ်။ ချလစ်ယူ

သန္တာကိုကို (ဆေးတက္ကသိုလ်)


Comments

Popular posts from this blog

လက်သည်းက ပြောသော သင့်ကျန်းမာရေးအကြောင်း

ဆံပင်ဆေးဆိုးခြင်း