ခရီးသွားခြင်းက သင့် ကျန်းမာရေးကို အကျိုးပြုတဲ့ အချက် ၈ချက်



ခရီးသွားတယ် ဆိုတာနဲ့ ဘာကိုအရင်ဆုံး စဉ်းစားမိသလဲ။ ပတ်ဝန်းကျင်အသစ်မှာ လူစိမ်းတွေနဲ့ ထိတွေ့ဆက်ဆံမယ်။ ဓါတ်ပုံရိုက်ဖို့ ရှုခင်းလှလှလေးတွေ၊ စားလို့ကောင်းတဲ့ ဒေသထွက် အစားအစာတွေ။ ဒါတွေကို မြင်ယောင်မိပါသလား။

လူတိုင်းလူတိုင်းမှာ စိတ်ညစ်စရာတွေ၊ ဒုက္ခတွေ၊ ဒေါသထွက်ရတာ၊ နာကျင် စိတ်ပင်ပန်းရတာတွေ နေ့တိုင်းကြုံတွေ့နေရတာပါပဲ။ ဒီလို စိတ်ရောကိုယ်ပါ ပင်ပန်းနေရတာတွေကနေ ဝေးဝေးကို ထွက်ပြေးချင်စိတ်က ပေါ်ပေါ်လာတတ်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ခံနိုင်ရည်တွေ ကုန်ဆုံးသွားပြီဆိုတဲ့ အချိန်မှာပေါ့။

နိုင်ငံခြားကို ထွက်မှ ခရီးသွားတာ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံတွင်း၊ ကိုယ့်ဒေသတွင်းမှာလည်း မရောက်ဘူးသေးတဲ့ နေရာတွေ အများကြီးရှိနေဦးမှာပါ။ အခုခေတ်က အရာရာအကောင်းဘက်ကို ပြောင်းလဲလာပြီဆိုတော့ ခရီးသွားရတာ အရင်လို ခက်ခဲမှုတွေ မရှိတာကြောင့် အရင်ကထက် ခရီးသွားတာ ပိုများလာကြတာ သတိထားမိမှာပါ။ လူမှုကွန်ယက်ပေါ်မှာ ပိုသိသာပါတယ်။ ရောက်နေတဲ့နေရာမှာ check-in လေးဝင်၊ ရှုခင်းလှတဲ့နေရာ ဓါတ်ပုံလေးရိုက်ပြီးတင်နဲ့ ကြွားရတာ အမောပါ။ ဟုတ်တယ်မလား။
ခရီးသွားရတာ ဝါသနာပါတဲ့သူတွေရှိသလို၊ တော်ပါကွာ ခရီးသွားရတာ ပင်ပန်းတယ် အိမ်မှာအိပ်နေတာပဲကောင်းတယ်ဆိုတဲ့ သူတွေလည်းရှိပါတယ်။ ဒါကြောင့် ခရီးသွားတာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အချက်လေးတွေကို ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်နော်။ လေယာဉ်စီးပြီး သွားမလား၊ ကားနဲ့လား၊ ရထားနဲ့လား၊ သင်္ဘောပဲစီးသွားမလား။ ဒီစာဖတ်ပြီးရင် ရွေးချယ်လိုက်ပါတော့။


1.    ကိုယ်လက်လှုပ်ရှားမိခြင်း။
အိမ်မှာထိုင်နေရင်တော့ မမောဘူးပေါ့။ ဒါပေမယ့် ဘယ်မှလည်း မရောက်ဘူးလေ။ ခရီးသွားရတာ ပင်ပန်းပါတယ်။ လမ်းလျှောက်ရတာများတဲ့ ခရီးဆို ပိုပင်ပန်းတာပေါ့။ ပြန်စဉ်းစားကြည့်ပါ။ ကိုယ်အရင်က အဲ့ဒီလောက် လှုပ်ရှားမိရဲ့လားလို့။ လမ်းလျှောက်တာများတော့ သွေးလှည့်ပတ်အားကောင်းပြီး နှလုံးနဲ့ အဆုတ်ကို အားကောင်းစေပါတယ်။ ဒါ့အပြင် သွေးတွင်းအဆီဓါတ်ကို ကျစေပြီး သွေးတိုးရောဂါဖြစ်နှုန်းလျော့စေပါတယ်။ ဒါကြောင့် နှလုံးရောဂါနှင့် လေဖြတ်လေငန်းရောဂါကို ကာကွယ်ရာလည်းရောက်ပါတယ်။

2.    ကိုယ်အလေးချိန်လျော့ကျစေခြင်း။
ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာ ကယ်လိုရီလိုအပ်ချက်စံညွှန်း ဆိုတာရှိပါတယ်။ ခရီးထွက်တော့ ဒေသထွက် အစားအစာ အသစ်အဆန်းတွေကို စားဖြစ်တာကြောင့် ဒီအချက်က ဖြစ်နိုင်ပါ့မလားလို့ သံသယရှိစရာကောင်းတာ အမှန်ပါပဲ။ ဒါပေမယ့် အိမ်မှာနေတာထက်စာရင် သင်ခရီးထွက်လာတဲ့ အချိန်မှာ ပြုလုပ်မိတဲ့ ကိုယ်လက် လှုပ်ရှားမှုကို သတိထားကြည့်ပါ။ ခရီးထွက်တဲ့အချိန် လမ်းလျှောက်ဖြစ်တဲ့အကွာအဝေးနဲ့ အိမ်မှာ၊အလုပ်မှာ လျှောက်ဖြစ်တဲ့ အကွာအဝေးအရ သင်လမ်းပို လျှောက်ဖြစ်နေမှာ သေချာပါတယ်။ လမ်းလျှောက်ရတဲ့ ခရီးဖြစ်တာတော့ သေချာပါစေ။ တော်ကြာ ခရီးက ပြန်ရောက်မှ ဝိတ်ပိုတက်နေရင် ဒုက္ခ။  

3.    စိတ်ဖိစီးမှုကိုလျော့နည်းစေပါတယ်။
လျောက်လည်နေရတော့ ပျော်တာပေါ့။ ဦးနှောက်က ပျော်ရွှင်ခြင်းဟော်မုန်းတွေ ထုတ်လွှတ်ပေးပါတယ်။ ဒါကြောင့် သောကတွေ၊ ဘဝအမောတွေကို ပြေပျောက်စေပါတယ်။ တွေ့ကြုံလာရတဲ့ ဗဟုသုတတွေကြောင့် နောင်တချိန်ကြုံလာနိုင်တဲ့ စိတ်ဖိစီးမှုတွေကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်သွားတဲ့ အားအင်တစ်ခု ရရှိလိုက်သလို ဖြစ်မှာ အမှန်ပါပဲ။

4.    ဦးနှောက်လေ့ကျင့်ခန်း။
ဦးနှောက်က ခန္ဓာကိုယ်မှာရှိတဲ့ တခြားကြွက်သားတွေလိုပါပဲ။ သန်စွမ်းအောင်လေ့ကျင့်ပေးရပါတယ်။ ဒါ့အပြင် ပျက်စီးလွယ်ပါတယ်။ ခရီးထွက်ခြင်းအားဖြင့် နေ့စဉ်ကြုံတွေ့နေရတဲ့ အတွေးတွေကနေ ဖောက်ထွက်ပြီး စဉ်းစားတွေးခေါ်မိလာမယ်။ ဒေသန္တရ ဗဟုသုတတွေကို လေ့လာမိတာ၊ နေရာဒေသတွေရဲ့သမိုင်းကြောင်းတွေကို လေ့လာမှတ်သားရတာ၊ ဘာသာစကားအသစ်တွေကို သင်ယူရတာ ဒါတွေဟာ ဦးနှောက်ကို လေ့ကျင့်ပေးနေတာပါပဲ။
ခရီးထွက်ခြင်းရဲ့နောက်အကျိုးမြတ်တစ်ခုကတော့ အကောင်းမြင်တတ်လာတာပါ။ ပြင်ပက နေရာသစ်၊ လူသစ်တွေနဲ့ တွေ့ကြုံရခြင်းကြောင့် နေ့စဉ်ဘဝကနေ ဖောက်ထွက်ပြီး တွေးတတ်လာကာ အကောင်းမြင်တတ်တဲ့ အကျင့်ရလာနိုင်ပါတယ်။

5.    လေကောင်းလေသန့်ရခြင်း။
ဒါကလည်း ခရီးသွားခြင်းကရတဲ့ အကျိုးအမြတ်ပါပဲ။ တနေ့တနေ့ အိမ်ထဲမှာ၊ အလုပ်ထဲမှာ ပိတ်လှောင်နေပြီး မွန်းကျပ်နေမယ့်အစား ခရီးသွားရင်း လမ်းလျှောက်၊ သန့်ရှင်းတဲ့လေကို ရှုရှိုက်ရတာဟာ ခန္ဓာကိုယ်အတွက်သာမက ဦးနှောက်အတွက်ပါ အကျိုးရှိပါတယ်။ ပြီးတော့ ခရီးစဉ်တလျှောက် သွားချင်ရာသွား၊ စားချင်ရာစား၊ လုပ်ချင်ရာလုပ်ရတော့ ဦးနှောက်ထဲမှာ ပျော်ရွှင်ခြင်းဟော်မုန်းကို ပိုထုတ်လွှတ်စေပြီး စိတ်ဖိစီးမှုလျော့မယ်။ ပျော်မယ်။ ပိုတက်ကြွလာမယ်။ မကောင်းဘူးလား။

6.    တီထွင်နိုင်မှုစွမ်းရည်တိုးတက်လာခြင်း။
ပိုတီထွင်နိုင်တဲ့သူက ပိုကျန်းမာတာ သင်သတိထားမိရဲ့လား။ နာမည်ကျော် စာရေးဆရာတွေနဲ့ ပန်းချီဆရာတွေကို ကြည့်ပါ။ သူတို့ရဲ့ စာအုပ်တွေ ပန်းချီကားတွေက တသမတ်တည်းမလာပါဘူး။ အကုန်တူတူတွေဆိုရင် ပျင်းစရာကောင်းနေတော့မှာပေါ့။ ဒါတွေကို ဘယ်သူကမှလည်း အချိန်ကုန်ခံပြီး ကြည့်ရှုခံစားနေမှာ မဟုတ်ဘူးလေ။ အဲဒီအစား သူတို့တွေက သူတို့ရောက်ဘူးတဲ့ နေရာက လူတွေရဲ့ အချင်းချင်းဆက်ဆံတဲ့ ပုံစံ၊ နေထိုင်မှု အကျင့်စရိုက် စတာတွေကို သူတို့ဖန်တီးတဲ့ ဇာတ်လမ်း၊ ပန်းချီကားတွေမှာ ထင်ဟပ်အသုံးပြုတတ်ကြပါတယ်။ တခါတလေ သင့်ရဲ့ အတွေ့အကြုံကိုတောင် အဌားသုံးပြီး ဖန်တီးပစ်လိုက်တတ်ပါတယ်။ ဒါကြောင့် ခရီးသွားပြီးရင် အတွေ့အကြုံတွေကို ကိုယ်ကြွားလို့ရတဲ့သူကလွဲရင် ဘယ်သူ့ကိုမှ မshare ပါနဲ့။ အထူးသဖြင့် စာရေးဆရာ၊ ပန်းချီဆရာတွေကိုပေါ့။ သင့်ကို အမြတ်ထုတ်သွားနိုင်ပါတယ်။😄😄😄

7.    ပေါင်းသင်းဆက်ဆံရေး။
ခရီးသွားရင်း ဘေးကလူနဲ့ စကားပြော ဆက်ဆံကြည့်ရင်း မိတ်ဆွေသစ်တွေ တိုးပွားလာစေနိုင်ပါတယ်။ အနည်းဆုံးတော့ ဝါသနာတူ ဖြစ်မဖြစ်သိနိုင်ပါတယ်။ နောက်ပြီး ကျောင်းနေဖက် သူငယ်ချင်းတွေနဲ့ ခရီးတူတူစုထွက်ကြတဲ့အခါ ပျော်ပျော်ပါးပါး စကြနောက်ကြရင်းကနေ တယောက်အကြောင်း တယောက်ပိုသိလာပြီး ခင်မင်ရင်းနှီးမှု အတိုင်းအတာ တိုးလာစေပါတယ်။

8.    နေထိုင်မှုပုံစံအသစ်၊ အတွေးအခေါ်အသစ်။
ခရီးထွက်တဲ့အခါ ရောက်ခဲ့တဲ့နေရာက လူတွေရဲ့အကျင့်စရိုက်နဲ့ အဲဒီ့ခရီးစဉ်က ရရှိလာတဲ့ အတွေ့အကြုံတွေက သင့်ရဲ့ နေ့စဉ်ဘဝ လူနေထိုင်မှုပုံစံကို အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ခရီးသွားတွေ စည်ကားတဲ့နေရာမျိုးတွေထက် တကယ့် သဘာဝဘဝ ထဲကို ထဲထဲဝင်ဝင်ခံစားကြည့်ပါမှ ဒီအတွေ့အကြုံတွေကို တွေ့ကြုံခံစားရမှာပါ။ ဥပမာ - သင်ဟာ မနက် ၁၀နာရီလောက်မှ ထတဲ့သူမျိုးဖြစ်ပေမယ့် ကိုယ်ရောက်နေတဲ့နေရာက နေထွက်အမှီ ဘုရားဝတ်ပြုတဲ့နေရာမျိုးဆိုရင် အဲဒီ့အကျင့်ကောင်းလေးတွေ မစွဲကပ်ရင်တောင်မှ ရအောင်မွေးမြူလေ့ကျင့်သင့်ပါတယ်။

ကဲ…ဘယ်သွားကြမလဲ။ စာရေးသူလည်း လိုက်ချင်လို့။ ခေါ်မယ်မလားဗျို့။
ခရီးများများသွားနိုင်ကြပါစေ။
နဒီလင်းသစ် (ဆေး-၂)

Comments

Popular posts from this blog

လက်သည်းက ပြောသော သင့်ကျန်းမာရေးအကြောင်း

ဆံပင်ကျွတ်ခြင်း

ဆံပင်ဆေးဆိုးခြင်း