အထီးကျန်ခြင်းနှင့် စိတ်ကျဝေဒနာ



သင့်ဘေးနား လူတွေ ဘယ်လောက်ရှိရှိ စိတ်ကျဝေဒနာက အထီးကျန်ခြင်းတွေ ယူဆောင်လာနိုင်ပါတယ်။ အထီးကျန်ခြင်းကို လူတိုင်းခံစားဖူးကြမှာပါ။ ဒါပေမယ့် တခါတလေတော့ အထီးကျန်ဖြစ်ခြင်းဟာ ထင်ထားတာထက် အများကြီး ပိုဆိုးပါတယ်။ အထီးကျန်ခြင်းဟာ ကူးစက်လွယ်ပါတယ်။ ဝမ်းနည်းခြင်း၊ တစ်ယောက်တည်းနေခြင်း၊ လူမှုဝန်းကျင်ကနေ ဆုတ်ခွာပြီး အဖော်မဲ့ တစ်ကိုယ်တည်းနေခြင်းတွေဟာ အထူးသဖြင့် တစ်ဦးတည်းနေရတဲ့ သက်ကြီးပိုင်းတွေမှာ စိတ်ကျရောဂါနဲ့တွဲ တွေ့ရတတ်ပါတယ်။
အထီးကျန်ခြင်းဟာ တစ်ဦးတည်းနေတဲ့သူကိုသာမကပဲ တခါတရံမှာ လူတွေအများကြီးနဲ့ နေတဲ့သူတွေကို တောင်မှချဉ်းကပ် ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် သူတို့ အထီးကျန်ဆန်နေပါတယ်ဆိုတဲ့သူတွေနဲ့ ပြိုင်မငြင်းပါနဲ့။ နားလည်ပေးလိုက်ပါ။
စိတ်ကျခြင်းက အမြဲတမ်းတော့ အထီးကျန်ခြင်းကို မဖြစ်စေပေမယ့် အထီးကျန်တဲ့သူတွေဟာ တစ်နှစ်နှစ်နှစ်လောက် ကြာလာတဲ့အခါ ဝမ်းနည်းအားငယ်ရာကနေ စိတ်ကျရောဂါဖြစ်လာတတ်ပါတယ်။

ဘယ်လိုရုန်းထွက်ကြမလဲ?
အထီးကျန်ခြင်းက တချိန်လုံး အကူအညီမဲ့နေတဲ့ အရာမဟုတ်ပါဘူး။ သင့်ဘာသာ ပြန်လည်ရုန်းထပြီး တခြားလူတွေနဲ့ရောနှောနေထိုင်ရင်း သာမန်ဘဝရဲ့ ရှင်သန်မှုကို ပြန်လည်ကြိုးစား ရယူသင့်ပါတယ်။ ဒီလိုကြိုးစားရာမှာ အထောက်အကူရစေဖို့ အောက်ကအချက်လေးတွေကို ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်နော်…

1.    အစီအစဉ်ဆွဲပါ။ အထီးကျန်ခြင်းကို ၂မျိုးခွဲပါမယ်။ ရေတိုအထီးကျန်ဆန်ခြင်းကတော့ ချစ်ရ၊ ခင်ရတဲ့ တစ်ယောက်ယောက်ကို လက်လွှတ်ဆုံးရှုံးရလို့၊ နေရာသစ်တစ်ခုကို ရောက်သွားလို့ စသဖြင့် ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမျိုးဆိုရင် အချိန်တစ်ခုကို ရောက်သွားတဲ့အခါ နေသားတကျဖြစ်သွားရင် ပြန်လည်ကောင်းမွန်လာတတ်ပါတယ်။ နောက်တစ်မျိုးကတော့ ကာလရှည်အထီးကျန်ဆန်ခြင်းမျိုးပါ။ ဒါကတော့ သင့်ရဲ့ရှိနေတဲ့ ကောင်းမွန်နေတဲ့ ဆက်ဆံရေးလေးတောင် ထိခိုက်သွားတတ်ပါတယ်။ နှစ်မျိုးစလုံးမှာ အစီအစဉ်လိုပါတယ်။ စိတ်တူကိုယ်တူတွေနဲ့ မိတ်ဆွေဖွဲ့ပြီး တွေ့ဆုံလေ့ရှိတာမျိုး၊ တနေရာရာမှာ စေတနာ့ဝန်ထမ်း လုပ်အားပေးလုပ်တာမျိုး၊ စိတ်ဝင်စားရာ ဝါသနာတစ်ခုခု ရှာဖွေဆောင်ရွက်တာမျိုးက သင့်ရဲ့ စိတ်ဝိဥာဉ်ကို ပြန်လည်တက်ကြွစေမှာပါ။

2.    တစ်ခုခုလုပ်ပါ။ ဘာဖြစ်ဖြစ်ပေါ့။ စိတ်ကျရောဂါကို ကုသရာမှာ အမူအကျင့်ကုထုံးဆိုတာ ရှိပါတယ်။ သင်ဟာအထီးကျန်ဆန်တယ်လို့ ခံစားနေရရင် ပထမဆုံးလုပ်သင့်တာက တစ်ခုခုစလုပ်လိုက်ပါ။ ဘာဖြစ်ဖြစ်။ ဥပမာ ကိုယ့်ဘာသာ တစ်ယောက်တည်း အခန်းအောင်းနေမယ့်အစား သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင် ရောက်တတ်ရာရာတွေပြောတာမျိုးပေါ့။

3.    ဘာသာရေးလုပ်ပါ။ အထီးကျန်ဆန်မှုကနေ လွတ်မြောက်စေနိုင်တဲ့ နောက်နည်းလမ်းတစ်ခုကတော့ မိမိကိုးကွယ်ရာ ဘာသာတရားကို ပိုမိုဆည်းကပ်အားထုတ်တာပဲဖြစ်ပါတယ်။ ဒီလို ပြုလုပ်ခြင်းဖြင့် ဘာသာတရားကပေးတဲ့ အကောင်းမြင်စိတ်တိုးပွားစေပြီး လောကသဘာဝအရ အရှိကို အရှိအတိုင်းလက်ခံလာနိုင်ပါလိမ့်မယ်။

4.    ခွေးမွေးပါ။ တိရိစ္ဆာန်လေးတွေ အထူးသဖြင့် ခွေးမွေးပါ။ ခွေးလေးတွေက လူတွေနဲ့ နီးနီးကပ်ကပ်နေပြီး ဂရုစိုက်တတ်တဲ့ကောင်တွေပါ။ ဒါ့အပြင် သင်လည်းဂရုစိုက်ပေးရမယ့် အဖော်တစ်ယောက်ရှိတော့ မပြင်းရဘူးပေါ့။ အစာကျွေးလိုက်၊ အပြင်ထွက် ကျောင်းလိုက်နဲ့ဆိုတော့ သင်တစ်ယောက်တည်း အခန်းအောင်းမနေရတော့တဲ့ အပြင် ဝါသနာတူတဲ့ သူတွေနဲ့ မိတ်ဆွေဖြစ်ပြီး အပေါင်းအသင်းတိုးလာပါလိမ့်မယ်။ ခွေးမှ မဟုတ်ပါဘူး။ ကြောင်လေးတွေ၊ ငါးလေးတွေလည်း မွေးလို့ရပါတယ်။

5.    အမှန်တရားကို လက်ခံပါ။ စိတ်ထဲမှာ ဖြစ်ချင်နေတာက တမျိုး၊ တကယ်ဖြစ်နေတာက တမျိုး ဆိုတဲ့ အခြေအနေတစ်ခုကို သင်တို့ ကြုံဖူးမယ်ထင်ပါတယ်။ ဒီလို အခြေအနေကျရင် ဘာလုပ်လေ့ရှိသလဲ။ အရှိအတိုင်းလက်ခံလိုက်တာက ကိုယ့်အတွက်အကောင်းဆုံး ဖြစ်မယ်ထင်ပါတယ်။ ဥပမာ - သူငယ်ချင်းကလည်းလိုချင် ကိုယ်ကစပြီး သွားစကားပြောပြန်ရင်လည်း ကိုယ့်ကို အပေါစားထင်သွားမှာ ကြောက်နေတတ်တဲ့ ဒွိဟလိုမျိုးပေါ့။ ဘာဖြစ်လဲ။ စကားစပြော မိတ်ဖွဲ့တာပဲ ဘာဖြစ်သွားတာမှတ်လို့။ ဟုတ်တယ်ဟုတ်။

6.    ကျော်တွေးပါ။ အထီးကျန်ခြင်းနဲ့ စိတ်ကျခြင်းက သင့်ကို ကိုယ့်ကိုယ်ကို သိပ်ဦးစားပေး တွေးစေပါတယ်။ ဥပမာ - ထမင်းစားထွက်ဖို့ မိတ်ဆွေ တစ်ယောက်ယောက်က ငြင်းဆိုလိုက်ရင် ဒါဟာ သင့်ကိုမို့လို့ ငြင်းတာလို့ မယူဆပဲ သူ့မှာ သင့်အရင် တခြားတစ်ယောက်နဲ့ ချိန်းဆိုထားတာသော်လည်းကောင်း၊ အလုပ်တွေ များလွန်းလို့ အပြင်ထွက်ပြီးတောင် မစားနိုင်တာလည်း ဖြစ်နိုင်တာပဲလေ။ စိတ်သိပ်မကြီးပါနဲ့။

7.    အထီးကျန်နေသူကို ကူညီပါ။ သင်ကိုယ်တိုင်ခံစားဘူးမှ အထီးကျန်တဲ့ခံစားချက်က ဘယ်လောက်ဆိုးလဲဆိုတာ သိမှာပါ။ ဒါကြောင့် သင့်လိုအထီးကျန်နေသူတွေ့ရင် အားပေးကူညီလိုက်ပါ။ တချို့တွေက ပြောပါတယ်။ အထီးကျန်မှုက ကူးစက်တတ်တယ်တဲ့။ ဒါပေမယ့် အထီးကျန်နေသူက တစ်ယောက်တည်းနေရင် ပိုပြီး အထီးကျန်ရာကနေ ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် သင်အထီးကျန်မှု ခံစားနေရသလား။ ကိုယ့်လိုလူတွေကို ကူညီပေးပါ။

8.    ဖုန်းဆက်ပါ။ မက်ဆေ့ခ်ျမပို့ပါနဲ့။ နည်းပညာတိုးတက်မှုတွေကြောင့် လူမှုကွန်ယက်တွေ တိုးတက်လာတဲ့အခါမှာ နွေးထွေးမှုတွေ ပျောက်ဆုံးလာတတ်ပါတယ်။ Facebook မှာပုံတင်လိုက်လို့ message ပို့တာ comment ပေးတာက သင်သူ့ကို စိတ်ထဲက ပါမပါ မသိနိုင်ပါဘူး။ ဒီအစား ဖုန်းခေါ်ပြီး စကားပြောလိုက်ပါ။ မျက်နှာချင်းဆိုင် စုံညီထိုင်ပြီး စကားပြောနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။

9.    အချိန်ပေးပါ။ လူတိုင်းကိုယ့်အလုပ်နဲ့ကိုယ် အားတယ်ရယ်လို့ မရှိတတ်ကြပါဘူး။ ဒါပေမယ့် သင့်ကလေးတွေကြီးလာပြီး လက်လွှတ်လို့ရမှ၊ သင်တက်နေတဲ့ ပါရဂူဘွဲ့ ကျမ်းပြုတာ ပြီးမှ၊ သင့်အလုပ်က ရာထူးတိုးမှ စတဲ့ အကြောင်းပြချက်တွေနဲ့ သင်ဘယ်လောက်တောင်မှ သင်ချစ်ရ ခင်ရသူတွေ၊ သင့်ကို ချစ်သူခင်သူတွေကို ဆုံးရှုံးခဲ့ရပြီးပြီလဲ။ ဒါကြောင့် ချစ်ရခင်ရသူတွေကို အချိန်ပေးပါ။ သေမင်းက မျက်နှာမလိုက်တတ်တဲ့ အတွက်ကြောင့်လည်းပါပါတယ်။

10.  ရင်ဖွင့်ပြောပါ။ သင့်ကို စာနာနားလည်ပေးနိုင်မယ့် သင်ယုံကြည်ကိုးစားရတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတစ်ယောက်ယောက်ကို သင်ခံစားနေရတာတွေကို ရင်ဖွင့်ပြောဆိုခြင်းဖြင့် သူကသင့်ကို တိုက်ရိုက် အကူအညီမပေးနိုင်ခဲ့ရင်တောင်မှ တစ်စုံတစ်ခုကို လမ်းညွှန်ပေးနိုင်ပါလိမ့်မယ်။

11.  တရားထိုင်ပါ။ တရားထိုင်ခြင်းအားဖြင့် စိတ်ရဲ့ငြိမ်းချမ်းခြင်းကို ရရှိပြီး သင့်ကို ချုပ်ကိုင်ထားတဲ့ အရိပ်ဆိုးတွေဆီကနေ လွတ်မြောက်အောင် စွမ်းဆောင်နိုင်စေမှာပါ။ အတွေးတွေ ငြိမ်းချမ်းခြင်းက သင့်ရဲ့သောက ဝေဒနာတွေကို ဆန်းစစ်လေ့လာမိစေပြီး လူတွေနဲ့ ပြန်လည်ထိတွေ့စေနိုင်မယ့် သတ္တိကိုပေးပါတယ်။

12.  ကုသမှုခံယူပါ။ တစ်ယောက်တည်း အထီးကျန်ခံစားနေရတာ ဘယ်လိုမှ မပျောက်ဘူးဆိုရင်တော့ စိတ်ကျရောဂါ ဖြစ်ဖို့ အစပျိုးနေပါပြီ။ စိတ်ကျရောဂါ ကုထုံးအနေနဲ့ စိတ်ရောဂါကု သမားတော်နဲ့ သေချာဆွေးနွေးသင့်ပါတယ်။

အထီးကျန်ဆန်ခြင်းက စိတ်ကျန်းမာရေးကို သာမက ကိုယ်ခန္ဓာကိုပါ ထိခိုက်စေတတ်တာမို့ လျစ်လျူရှုမထားသင့်တဲ့ အရာပါ။ ပတ်ဝန်းကျင်မှာ တစ်ယောက်တည်းအထီးကျန်နေတဲ့သူတွေကို ရိုင်းပင်းကူညီပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ပါစေကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

အထီးကျန်ခြင်း ကင်းဝေးကြပါစေ။
နဒီလင်းသစ် (ဆေး-၂)


Comments

Popular posts from this blog

လက်သည်းက ပြောသော သင့်ကျန်းမာရေးအကြောင်း

ဆံပင်ကျွတ်ခြင်း

ဆံပင်ဆေးဆိုးခြင်း