မေ့မရနိုင်သော လူနာ တစ်ဦး
ကျနော်ဟာ ဆရာဝန်တစ်ယောက်ပါ။
(ကြော်ငြာမဟုတ်ပါ။)
ကျနော်တို့
ဟောက်ဆာဂျင်ဆင်းတုန်းက အဖြစ်အပျက်လေးကို ခုမိုးတွင်းတိုက်ဆိုင်ချိန်မှာ ပြန်သတိရလို့
ရေးတင်လိုက်တာပါ။ တူတူဆင်းခဲ့တဲ့ သူငယ်ချင်းတွေကို သတိရမိပါတယ်။
ကျနော် ဟောက်ဆာဂျင်ဆင်းတာ
သင်္ဃန်းကျွန်းစံပြဆေးရုံ မှာပါ။ ဆေးကုသဆောင်က လူနာတစ်ယောက်အကြောင်းပါ။ ဆေးကုသဆောင်က
အပေါ်ဆုံးထပ်မှာပါ။
ဖြစ်ပုံက မိုးတွေသည်းသည်းမည်းမည်း
ရွာနေတဲ့ ည။ ကျနော်ဂျူတီကျတဲ့ ညပါ။ ည၉နာရီလောက်မှာ လူနာတစ်ယောက်ရောက်လာပါတယ်။ ရောက်လာတဲ့
လူနာက ၁၃နှစ်လောက်ရှိတဲ့ ကောင်လေးတစ်ယောက်ပါ။ အမေလုပ်သူ အသက်၅၀လောက်အရွယ် ပိန်ပိန်အဒေါ်ကြီးတစ်ယောက်က
ကုန်းပိုးလာပါတယ်။ ဖြစ်ပုံက ဖျားပြီး ရင်တုန်လို့ပါတဲ့။
ရွာကနေ (လေးထောင့်ကန်ရွာ
ဖြစ်မယ်ထင်ပါတယ်။ သိပ်မမှတ်မိတော့ပါ။) ပိုက်ဆံစုပြီး ညတွင်းချင်း ဆေးရုံကို ပြေးလာတာပါတဲ့။
သားခံစားနေရတာ မကြည့်ရက်လို့ပါတဲ့။
ကျနော်တို့လည်း
လုပ်စရာရှိတာလုပ်။ စမ်းစရာရှိတာ စမ်းပြီး ညဂျူတီတူတဲ့ ဘွဲ့လွန်ဆရာကို အကြောင်းကြားရတာပေါ့။
အဲဒီအချိန်မှာ ထူးဆန်းတာ တစ်ခုကို စသတိထားမိပါတယ်။ ကောင်လေးက ရင်တုန်တာ အကြောင်းပြပြီး
အမေကုန်းပိုးထားတဲ့ပေါ်က လုံးဝမဆင်းပါဘူး။ အမေကိုယ်တိုင်က ဘယ်လောက်ချော့ပြောပြော မဆင်းတာပါ။
ဆရာလည်း သူ့ကို ဝင်ချော့ပါတယ်။ သားရယ် မင်းရင်တုန်တာ ဆရာတို့ ကုပေးမှာပေါ့။ ဆေးရုံရောက်နေပြီ
ဘာမှ မကြောက်နဲ့။ အီးစီဂျီလေး ဆွဲကြည့်မှ ဘာဖြစ်တယ်ဆိုတာ သိမှာပေါ့။ ဘာညာပေါ့ဗျာ။ ဒါနဲ့
အဲဒီချာတိတ် လူနာ ကုတင်ပေါ်ရောက်ရော ဆိုပါတော့။
အမေကြီးခမျာမောလွန်းလို့
ခေါင်းမှာပေါင်းထားတဲ့ တဘက်ကလေး ချွတ်ပြီး မျက်နှာပေါ်က ချွေးတွေသုတ်ရင်း သားဖြစ်သူ
လူနာရဲ့ပါးစပ်ထောင့်က စီးကျနေတဲ့ သွားရည်တွေကို သုတ်ပေးလိုက်ချိန်မှာပဲ မထင်မှတ်တာတစ်ခု
ဖြစ်သွားပါတယ်။ သားလုပ်တဲ့ ချာတိတ်က အမေအိုရဲ့အရိုးပြိုင်းပြိုင်းလက်ကို ဆွဲပြီး ကိုက်လိုက်တာပါပဲ။
ကိုယ်တွေမှာ ဟင်ခနဲ ဖြစ်သွားချိန် အမေကြီးကတော့ လှည့်ပြောရှာတယ်။ သားလေး နေမကောင်းစဖြစ်ကတည်းက
အစာမပြောနဲ့ စွတ်ပြုတ်တောင် မနည်းဝင်အောင်တိုက်ရတာ။ အစာမရှိတော့ ဗိုက်ဆာနေလား မသိဘူး။
ကျမလက်ကို ခနခနကိုက်တယ်တဲ့။ ကိုယ်တွေမှာ ရင်တထိတ်ထိတ်။ ခုလောက်ထိ ဖတ်ကြည့်ပြီးရင် ဘာဆိုတာ
နည်းနည်းလောက်တော့ ရိတ်မိလောက်ပြီ ထင်ပါတယ်။
အမေကြီးက အားတင်းပြုံးပြီး
ပြောရှာတယ်။ မနာပါဘူးဆရာလေးရယ်တဲ့။ မိဘမေတ္တာများ တော်တော်ကြီးပါလား။ အကိုက်ခံထားရတဲ့လက်ပေါ်က
နေရာလေးကို လှမ်းကြည့်တော့ သွားရာ အကွင်းလိုက်ကလေး။ တော်သေးတာ ပေါက်တော့ မသွားဘူး။
သွေးတွေဘာတွေတော့ မတွေ့ပေမယ့် အဲဒီနေရာလေးရဲ့အနီးမှာ နောက်ထပ် အကိုက်ခံထားရတဲ့ ဒဏ်ရာအဟောင်းလေးတွေလည်းတွေ့ရပါတယ်။
ရွာတွေမှာ ကျန်းမာရေး ဗဟုသုတနည်းတော့ တော်တော်ကို စိုးရိမ်ရပါတယ်။ ဒါတောင် ရန်ကုန်နဲ့
သိပ်မဝေးတဲ့ နေရာမှာ နေတဲ့သူတွေပါ။
ဆရာကလည်း လှမ်းကြည့်နေပါပြီ။
နှလုံးရောဂါလား။ အခု စာဖတ်သူထင်နေတဲ့ ရောဂါလားဆိုပြီးတော့ပေါ့။
သိပ်မကြာခင်မှာပဲ
နောက်ကနေ အသက် ၂၀ပတ်လည်လောက် စုံတွဲလိုက်လာပါတယ်။ အမေကြီးရဲ့သားကြီးတို့ လင်မယားလို့
ပြောပါတယ်။ အတူလာတာပါတဲ့။ သူတို့စုံတွဲက အောက်(အရေးပေါ်လူနာဌာန) မှာ လုပ်စရာရှိတဲ့ စာရွက်စာတမ်းတွေ
လုပ်နေတုန်း အမေကြီးက သားငယ်ကို စိုးရိမ်လို့ ကုန်းပိုးပြီး အရင်တက်လာတာပါတဲ့။
သားကြီးက အမေဆိုပြီး
ရေသန့်ဘူးလေး လှမ်းပေးပါတယ်။ အမေကြီးက လှမ်းယူပြီး တငုံသောက်လိုက်ပါတယ်။ ပြီးတော့ သားငယ်
ရေလေးသောက်လိုက်ဦး ဆိုပြီး လှမ်းပေးပါတယ်။ လူနာက လှမ်းတော့ ယူပါတယ်။ ပြီးတော့ သောက်မလို့လည်း
ပါးစပ်နားတေ့လိုက်ပါတယ်။ ပြီးတော့ ရုတ်တရက် ရေဘူးကို လွှင့်ပစ်လိုက်ပါတယ်။
အဲဒီရေဘူးက
ကျနော့ဘေး ကျလာပါတယ်။ အမေကြီးက အားနာစွာနဲ့လှည့်ကြည့်ပါတယ်။ အဲဒီအချိန်မှာပဲ ကျနော်က ရေဘူးကို ကောက်ယူပြီး လူနာကောင်လေးကို လှမ်းပေးကြည့်လိုက်ပါတယ်။
ကောင်လေးရဲ့မျက်လုံးတွေက ရန်လိုစွာနဲ့ ကျနော့်ကို ကြည့်ပြီး လက်ကလည်း အဲဒီရေဘူးကို
ရိုက်ချပစ်ဖို့ ရွယ်နေပါပြီ။ အမေကြီးက ဝင်ဟန့်လိုက်တော့မှ ကောင်လေးက ကုတင်နဲ့ နံရံထောင့်ကို
ဖင်ရွှေ့ပြီး ဆုတ်သွားပါတော့တယ်။
ကျနော်နဲ့ ဆရာနဲ့
စိတ်မကောင်းစွာနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မေးခွန်းကို တပြိုင်နက်တည်း မေးလိုက်မိပါတော့တယ်။
ဒီကလေး ခုတလောမှာ ခွေးကိုက်ခံရဘူးလားလို့။
အဲဒီအခါ အကိုလုပ်သူက
ပြောတယ်။ ဟုတ်တယ်။ လွန်ခဲ့တဲ့ ၂ပတ်လောက်က သူအလုပ်က အပြန်မှာ ညီလေး ကျောင်းကအပြန် လမ်းဘေးမှာ
ထိုင်နေလို့ သွားကြည့်တဲ့အချိန် ခွေးကိုက်ခံရတာလို့ ပြောတယ်ဆိုတာ သူမှတ်မိပါတယ်တဲ့။
အဲဒီခွေးကိုတော့ အကိုလုပ်သူက မတွေ့လိုက်မိပါဘူးတဲ့။ ခွေးရူးရောဂါ ကာကွယ်ဆေးဆိုတာ ထိုးရကောင်းမှန်းသိပေမယ့်
ပိုက်ဆံမတတ်နိုင်တာရယ်၊ ဘာမှ မဖြစ်လောက်ဘူးထင်တာရယ်ကြောင့် မထိုးခဲ့မိပါဘူးတဲ့။
ကျနော်တို့
အဖွဲ့လည်း ရှင်းပြစရာရှိတာတွေ လူနာရှင်ကို ရှင်းပြတော့ အမေကြီးခမျာ ချုံးပွဲချ ငိုရှာပါတယ်။
ပြီးတော့ အမေကြီးပါ လူနာက ကိုက်တာခံထားရတဲ့အတွက် ဆေးကုသဖို့ လိုကြောင်းရှင်းပြတော့
သူကအရေးမကြီးပါဘူးတဲ့။ သူ့သားလေးကိုသာ ဂရုစိုက်ပေးကြဖို့ပဲ တွင်တွင်ပြောနေရှာပါတယ်။
ကျနော်တို့လည်း အမေကြီးကို ခွေးရူးပြန်ကာကွယ်ဆေးထိုး၊ လူနာအတွက်ကော သူ့အတွက်လိုတာတွေ
လုပ်ပေးပြီးတဲ့နောက် တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် မနက်ဂျူတီအထွက်မှပဲ တစ်ခေါက်
ထပ်သွားကြည့်ဖြစ်ပါတော့တယ်။
နောက်နေ့ ဆေးရုံကိုရောက်တော့
လူနာခုတင်မှာ သူတို့ မိသားစုမရှိတော့ပါဘူး။ သားဖြစ်သူ လူနာက မနေ့ညက ဆုံးသွားပါတယ်တဲ့။
အမေကြီးကလည်း သားရဲ့နောက်ဆုံးခရီးအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ပေးရဦးမယ်ဆိုပြီး ဆေးရုံက
အတင်းဆင်းသွားပါတယ်တဲ့။
ကျနော်တို့လည်း
တခြားအဆောင်တွေမှာ တာဝန်ကျရာကနေ ကလေးမွေးဖွားဆောင်ကို ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင်
အဲဒီမိသားစုနဲ့ ပြန်တွေ့ပါတယ်။ ဒီတခါတော့ ဝမ်းနည်းစရာ အခြေအနေမဟုတ်တော့ပါဘူး။ ဝမ်းသာစရာပါ။
လူနာရဲ့မရီး ကလေးမွေးတာပါ။ မွေးလာတဲ့ ကလေးက ယောက်ျားလေးပါ။ အမေကြီးလည်းနေကောင်းပြီး
အတူပါလာပါတယ်။ မွေးထွက်လာတဲ့ နီတာရဲလေးကို ချီထားတဲ့ အမေကြီးနှုတ်က “သားငယ်လေးနဲ့ တူလိုက်တာ”တဲ့။
နဒီလင်းသစ် (ဆေး-၂)
Comments
Post a Comment