ကလေးတွေကို သင်ပေးသင့်တဲ့ ငွေကြေးစီမံခန့်ခွဲမှုတွေအကြောင်း


ကလေးတွေကို သင်ပေးသင့်တဲ့ ငွေကြေးစီမံခန့်ခွဲမှုတွေအကြောင်း

အကယ်များ အချိန်တွေနောက်ပြန်ရစ်လို့ရပြီး ငယ်ငယ်က မိုက်ရူးရဲဆန်ဆန် ဆုံးဖြတ်ခဲ့တဲ့ ငွေကြေးဆိုင်ရာ ကိစ္စတွေကို ပြန်လည်ပြင်ဆင်ခွင့်များရခဲ့မယ်ဆိုရင် သင်အနေနဲ့ ပြန်သွားချင်ပါသလား။ ကျွန်တော်ကတော့ ကျွန်တော် ကလေးဘ၀ကတည်းက ငွေကိုပါးပါးနပ်နပ် စီမံခန့်ခွဲတတ်ဖို့ သင်ယူနိုင်ခဲ့မယ်ဆိုရင် အတိတ်ကို ပြန်သွားချင်ပါတယ်။
သင့်အနေနဲ့ သင်ကိုယ်တိုင် အချိန်တွေနောက်ပြန်ရစ်ပြီး လုပ်ခဲ့တဲ့ ကိစ္စတွေအတွက် ပြန်လည်ပြင်ဆင်လို့ မရတော့ပေမယ့် သင့်ကလေးတွေအတွက် သင့်အချိန်တွေ၊ ဘ၀တွေရင်းပြီး သင်ယူခဲ့ရတဲ့ ငွေကြေးဆိုင်ရာ သင်ခန်းစာတွေကို ခုကတည်းက ငယ်ရွယ်ပြီး ဆုံးဖြတ်ချက်ချမမှားအောင် သင်ပေးသင့်နေပါပြီ။ ဒီလိုသင်ပေးလိုက်ခြင်းကြောင့် သင့်ကလေးငယ်ရဲ့ ဘ၀တလျှောက်မှာ သင်ယူတတ်မြောက်ထားတဲ့ အခြေခံအကြောင်းတရားတွေပေါ် မူတည်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို သူကိုယ်တိုင် ယုံကြည်ချက်ရှိရှိ ချမှတ်နိုင်စေမှာ ဖြစ်ပါတယ်။


အသက် ၅နှစ်မှ ၁၀နှစ်
ကလေးတွေက ဆက်တိုက် ကြီးပြင်းနေကြသလို သူတို့ရဲ့ ပိုက်ဆံပေါ်ထားတဲ့ ဗဟုသုတ အမြင်ဟာလည်း အဆက်မပြတ် ကြီးထွားနေပါတယ်။ အသက်၅နှစ်ဆိုတဲ့အရွယ်မှာ ငွေကြေးနှင့် ပတ်သက်တဲ့ အခြေခံအကျဆုံးနဲ့ အကြီးမားဆုံးဖြစ်တဲ့ သဘောတရားလေးတွေကို သင်ပေးခြင်းဖြင့် သူတို့ ဘ၀တလျှောက် ငွေကြေးအရ လေးစားခံထိုက်တဲ့ လူကြီးတစ်ယောက်အနေနဲ့ ကြီးပြင်းလာစေမှာ ဖြစ်ပါတယ်။
သင်ခန်းစာ
ဒီအသက်အရွယ်မှာ ကလေးတွေက ငွေကြေးရဲ့ တန်ဖိုးအမှန်ကို သိတတ်နေကြပါပြီ။ ပိုက်ဆံ ဘယ်ကရသလဲ၊ ဘယ်လို ဂရုစိုက်(သုံးစွဲ)ရသလဲဆိုတာတွေပေါ့။
ပိုက်ဆံဆိုတာ တွင်းထဲက ခပ်ယူလို့မရသလို သစ်ပင်ပေါ်ပေါက်နေတာမျိုးလဲမဟုတ်ပါဘူး။
သင့်ကလေးကို ပိုက်ဆံဘယ်ကလာသလဲ။ ဘယ်လိုရသလဲ သေချာသဘောပေါက်အောင် ပြောပြပါ။ သင်တစ်လကို ဘယ်လောက်ရှာနိုင်ပြီး ဒါကို အကျိုးရှိအောင် ဘယ်လိုသုံးစွဲမလဲ သေချာနားလည်အောင် ပြောပြပါ။
  1. ရွေးချယ်မှုတွေ လုပ်ရမယ်။

အကန့်အသတ်နဲ့ရှိနေတဲ့ ပိုက်ဆံအတွက် ဘယ်နေရာမှာ သုံးမလဲဆိုတာ သိပ်အရေးကြီးပါတယ်။ ဒါကြောင့် သင့်ကလေးငယ်ကို သူချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက် (ပိုက်ဆံဘယ်လောက်ကို ဘာဝယ်ဖို့ သုံးမယ်) က တခြားအရာကို စွန့်လွှတ်ရမှာ ဖြစ်ကြောင်း သူသဘောပေါက်ပါစေ။
   2. လိုချင်တာနဲ့ လိုအပ်တာ
ဒီအရွယ်မှာ ကလေးငယ်တွေဟာ သူတို့အတွက် လိုချင်တာနဲ့ လိုအပ်တာကို ခွဲခြားသိမြင်နိုင်နေပါပြီ။ သူတို့ ရတဲ့ မုန့်ဖိုး(ပိုက်ဆံ)ကို အရေးကြီးတဲ့အရာအချို့အတွက် ဖယ်ထားပြီး (ဥပမာ - အစားအသောက်အတွက်) ကျန်တာတွေနဲ့ ဘာတွေလုပ်မယ်ဆိုတာ တိုင်ပင်စဉ်းစားပေးတာဟာလည်း ပျော်စရာပါပဲ။
ပျော်စရာ ကစားနည်းများ
ပိုက်ဆံနဲ့ ပတ်သက်ပြီး တကယ့်လက်တွေ့မှာ ဘယ်လိုသုံးရမလဲဆိုတာ သင်ပေးခဲ့ရင် ပျော်စရာကောင်းမှာပါ။
ပထမဆုံးစီးပွားရေး
သင့်ကလေးငယ်ကို ပိုက်ဆံဘယ်လိုရှာရလဲဆိုတာ သိရအောင် သူတို့ (ကိုယ်စွမ်းဥာဏ်စွမ်း) လုပ်နိုင်စွမ်းရှိသလောက် ကိုယ်ပိုင်စီးပွားရေးလေးလုပ်ပြီး ငွေရှာနည်းလေး သင်ပေးပါ။ မိဘအလုပ်တွေမှာ ကူလုပ်ပေးခိုင်းတာမျိုး၊ ခွေးလေးတွေကို လမ်းလျှောက်ထွက်ကျောင်းတာမျိုးလေးတွေအတွက် လုပ်အားခပေးတာမျိုးလေးတွေ လုပ်ခိုင်းခြင်းဖြင့် အလုပ်တန်ဖိုးနားလည်ပါစေ။
မုန့်ဖိုး (သို့မဟုတ်) ထောက်ပံ့ကြေးပေးခြင်း
သင့်ကလေးကို နေ့စဉ်မုန့်ဖိုးပေးမယ့်အစား တစ်လစာမုန့်ဖိုး ပေးလိုက်ပါ။ ဒါဟာသူ့အတွက် ငွေကို ဘယ်လိုစုရတယ်ဆိုတာ စဉ်းစားသွားစေမှာပါ။ ချက်ချင်းလိုချင်တာကို ဝယ်ပစ်၊ အကုန်သုံးပစ်လိုက်မလား။ တဖြည်းဖြည်းချင်းစုထားပြီး လိုချင်တာကို ဝယ်မလား သူတို့ကိုယ်တိုင်ဆုံးဖြတ်တတ်စေဖို့ သင်က လမ်းညွှန်ပြသပေးဖို့တော့ လိုပါတယ်။
   3. ငွေစုခြင်း၏ ရည်ရွယ်ချက်
သူတို့လေးတွေ လိုချင်တာတစ်ခုခုကို ဝယ်ဖို့အတွက် ရည်မှန်းချက်ရွေးချယ်ခိုင်းပါ။ ဘယ်အချိန်မှာ ဘယ်လောက်ရှိရင် ဝယ်လို့ရပြီ ဆိုတာမျိုးပေါ့။ လိုတာနည်းနည်းလောက်ကိုပဲ သင့်ကို အကူအညီတောင်းတဲ့အချိန်မှ စိုက်ပေးတာမျိုးလုပ်ပါ။ ငွေစုတာ ဘယ်လောက်ရပြီဆိုတာကို ကားချပ်ဇယားလေးဆွဲထားပေးပါ။ ဒီလိုဆွဲထားတော့ စုတာက ဘယ်လောက်ရပြီ၊ ရည်မှန်းချက်နဲ့ ဘယ်လောက်နီးလာပြီဆိုတာလေး သိရတော့ စိတ်အားတက်ကြွစေပါတယ်။
  4. သူတို့ကိုယ်တိုင်ပါဝင်ပါစေ
နေ့စဉ်လုပ်နေရတဲ့ လုပ်ငန်းဆောင်တာမျိုးတွေ (ဥပမာ - ဈေးဝယ်တာမျိုး) မှာ သူတို့ကို ပါဝင်ခိုင်းပါ။




ငွေရှင်းခြင်း

စတိုးဆိုင်မှာ ဝယ်ယူထားတဲ့ ပစ္စည်းတွေကို သူတို့ကို ကိုယ်တိုင်ငွေရှင်းစေခြင်းက ငွေကြေးနဲ့ ပတ်သက်ပြီး ပေးချေမှုကို နားလည်းစေမယ့်အပြင် လူမှုဆက်ဆံရေးမှာ ဝင်ဆံ့စေပါတယ်။

ဈေးနှုန်းနှိုင်းခိုင်းခြင်း

သူတို့လေးတွေနဲ့ ဈေးထွက်ဝယ်တဲ့အခါ ပစ္စည်းချင်းတူတူ ဈေးနှုန်းယှဉ်ကြည့်တတ်တဲ့ အလေ့အကျင့် လုပ်ပေးခြင်းဖြင့် ငွေကို ခြွေတာတတ်ရုံမက ပစ္စည်းအရည်အသွေးကိုပါ နှိုင်းယှဉ်တတ်ပြီး တန်မတန်ပါ ခွဲခြားတတ်မယ့် အလေ့အကျင့်ကောင်းကို ရစေပါတယ်။

   5. ဘဏ်သို့ အလည်တခေါက်
ဘဏ်ကို သင်ငွေအပ်တဲ့အခါဖြစ်ဖြစ်၊ ထုတ်တဲ့အခါဖြစ်ဖြစ် ခေါ်ဆောင်သွားရင်းနဲ့ ကိုယ့်ပိုက်ဆံတွေကို အပ်နှံတဲ့နေရာဖြစ်ကြောင်း၊ ဘဏ်ရဲ့လုပ်ငန်းဆောင်တာလေးတွေကို သဘောပေါက်လာအောင် ရှင်းပြပေးသင့်ပါတယ်။ ပြီးတော့ သူတို့ရဲ့မုန့်ဖိုး စုထားတာလေးတွေကို ဘဏ်မှာ လူကြီးအကောင့်နဲ့တွဲပြီး စာရင်းဖွင့်ပေးတာက သူတို့အတွက် ပျော်စရာ အတွေ့အကြုံသစ်တစ်ခု ဖြစ်စေမှာပါ။ ဒါပေမယ့် ပိုက်ဆံဆိုတာ ဘယ်အချိန်ပဲလိုလို (ကိုယ့်ပိုက်ဆံမအပ်ထားပဲ) ဘဏ်ကနေ ပြေးယူလို့ရတာပဲ ဆိုတဲ့ အတွေးတော့ မဝင်စေနဲ့ပေါ့။

   6. ဆုံးဖြတ်ချက်

နေ့စဉ်မိသားစု အသုံးစရိတ်တွေကို ခွဲတန်းချတဲ့နေရာမှာ သူတို့လေးတွေ ပါဝင်ပါစေ။ သင်ရဲ့လစာ ဝင်ငွေကို ခွဲတန်းချတဲ့အခါမှာ သူတို့လေးတွေကို ဘယ်ဟာအတွက် အသုံးစရိတ်က ဘယ်လောက်၊ ဘာကြောင့် သုံးရတယ်ဆိုတာတွေကို နားလည်သဘောပေါက်အောင် ရှင်းပြပေးသင့်ပါတယ်။ လိုအပ်နေတာတွေအတွက်က ငွေကို ပိုချန်ရပြီး လိုချင်တာတွေအတွက်ကတော့ နည်းနည်းပဲ အသုံးပြုမှာ ဖြစ်ကြောင်းလေးတွေ ရှင်းပြသင့်ပါတယ်။

   7. အက်ပလီကေးရှင်းများ

အခုခေတ်မှာ ခေတ်ပေါ်ဒစ်ဂျစ်တယ် ပစ္စည်းတွေအသုံးများလာ ကြသလို ခေတ်မီအသုံးအဆောင်တွေ၊ software applications တွေကလည်း တပုံတပင်ပါ။ အဲဒီထဲမှာ ကိုယ့်ရဲ့နေ့စဉ် အသုံးစရိတ်ကို တွက်ချက်နိုင်မယ့် applications လေးတွေလည်းရှိနေပါပြီ။ software applications တွေနဲ့ နေ့စဉ်ဖုန်းသုံးတဲ့ အချိန်တွေကို တွက်ချက်ကြည့်ဖို့၊ တန်ဆေးလွန်ဘေး မဖြစ်ဖို့တော့ လိုပါတယ်နော်။

ကဲ..အခုဆိုရင် သင့်ရင်သွေးငယ်ကို ငွေကြေးဆိုင်ရာ စီမံခန့်ခွဲတတ်စေဖို့ လေ့ကျင့်ပေးနိုင်မယ့် အကြံဥာဏ်လေးတွေ ရလောက်ပြီ ထင်ပါတယ်။ သူတို့ကို နောင်တချိန်လူကြီးဖြစ်လာတဲ့အခါမှာ ကိုယ်တွေထက် ငွေကြေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုကောင်းသူ ဖြစ်လာစေဖို့ လေ့ကျင့်ပေးလိုက်ကြရအောင်လားဗျာ။

နဒီလင်းသစ် (ဆေး-၂)

Comments

Popular posts from this blog

လက်သည်းက ပြောသော သင့်ကျန်းမာရေးအကြောင်း

ဆံပင်ကျွတ်ခြင်း

ဆံပင်ဆေးဆိုးခြင်း