အလုပ်နဲ့ ဘဝ



သင်ကိုယ်တိုင် ချစ်တဲ့ ဝါသနာပါတဲ့ အလုပ်ကလေးလည်း စထားပြီ။ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက်လည်း စိုက်ထုတ်ပြီး လုပ်ထားတယ်။ ဘယ်သူမဆို ဒီအလုပ်ကလေး တိုးတက်အောင်မြင်တာကိုပဲ လိုချင်မှာပဲပေါ့။ သင်ဆိုရင်ကော?
ကိုယ်ချစ်တဲ့အလုပ်ကလေးဆိုရင် ကိုယ်ရဲ့ရင်သွေးလေးလိုပါပဲ။ အရိပ်တကြည့်ကြည့်နဲ့။ နေမကောင်းမှာစိုးရ ပူပန်ရနဲ့။ စိတ်ပူရတတ်ပါတယ်။ အမြတ်ကြမ်းတဲ့ အလုပ်ဆိုပိုဆိုးပါတယ်။
တကယ်ဝါသနာပါတဲ့ ကိုယ်ပိုင်အလုပ်ကလေးကို ကျောင်းတက်နေရင်းနဲ့ အပိုဝင်ငွေလေးရအောင် စထားပြီး တကယ်တန်းကျောင်းပြီးချိန် အချိန်ပြည့် လုပ်ပြီဆိုတဲ့ အချိန်မှာကျမှ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာမျိုးရှိ တတ်ပါတယ်။ ကိုယ်ကလည်း တကယ်ဝါသနာပါ ချစ်မြတ်နိုးပြီး လုပ်တဲ့ တကယ်လည်း လုပ်ချင်ခဲ့တဲ့၊ တနည်းအားဖြင့် ကိုယ်ရွေးချယ်ခဲ့တဲ့ ဘဝက ဖြစ်မလာတဲ့အခါ၊ ဖြစ်ဖို့ နှောင့်နှေးနေတဲ့အခါ အားမလိုအားမရဖြစ်တာ၊ စိတ်ဓါတ်ကျ ဝမ်းနည်းတာတွေ ဖြစ်လာတတ်ပါတယ်။ 
ကိုယ်တကယ်ချစ်လို့ လုပ်တဲ့အလုပ်တွေမှာ တခါတရံ စည်းမထားတတ်တဲ့အခါ အလုပ်က သင့်ကိုဝါးမျိုသွားလို့၊ အလုပ်ကိုချည်း အချိန်ပေးနေရလို့ သင့်မိသားစု၊ သင်ချစ်တဲ့သူတွေနဲ့ ဝေးကွာလာတတ်ကြပါတယ်။ မယုံမရှိပါနဲ့။ စာရေးသူကိုယ်တိုင် ဖြစ်ဖူးလို့ပါ။ သတိပေးပါရစေ။
ဒါကြောင့်မို့ ဒီဆောင်းပါးလေးမှာ အထက်က ဖော်ပြခဲ့တဲ့ သူတွေထဲက ဘယ်သူဖြစ်ဖြစ် (အထူးသဖြင့် တပို်င်တနိုင် စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေ) ကျင့်သုံးနိုင်မယ့် အလုပ်နဲ့ ဘဝ သမမျှတစွာကျင့်သုံးနိုင်မယ့် နည်းလမ်းလေးတွေ ဖော်ပြပေးချင်ပါတယ်။

၁။ အလုပ်ချိန် သတ်မှတ်ပါ။
အလုပ်စချိန် အလုပ်သိမ်းချိန် သေချာသတ်မှတ်ပါ။ တနေ့နဲ့တနေ့တော့ တူချင်မှ တူပါလိမ့်မယ်။ ဒါပေမယ့် သင်အလုပ်စချိန်နဲ့ အလုပ်သိမ်းချိန်ကို သေချာသတ်မှတ်လိုက်ခြင်းကြောင့် သင်သတ်မှတ်ထားတဲ့ အလုပ်တွေကို ဒီအတောအတွင်းမှာ ပြီးအောင်လုပ်ဖို့ တွန်းအားပေး ကူညီပါလိမ့်မယ်။ လက်စမသတ်ခဲ့တဲ့ အလုပ်တွေ၊ ပြန်ကောက်ကိုင်လိုက်၊ ချထားလိုက်၊ တခြားဟာလေး ပြေးလုပ်လိုက်ဆိုရင်တော့ အကျိုးမရှိ အချိန်ကုန်ပြီး လူလည်း ပင်ပန်းပါတယ်။ တနေ့ကို ဘယ်နှနာရီ အလုပ်လုပ်မယ်လို့ သတ်မှတ်ထားရင် အဲ့ဒီအချိန်အတွင်း ပြီးအောင်လုပ်ပါ။ စိတ်ရှုပ်စရာတွေ စိတ်ပျံ့လွင့်စရာတွေကို အဝေးမှာ ထားခဲ့ပြီး အလုပ်ကိုသာ အာရုံစိုက်ပါ။ ခနတောင်နားလို့ မရဘူးလားဆိုတော့ မဟုတ်ပါဘူး။ နားလို့ရပါတယ်။ ဥပမာ - ကော်ဖီထသောက်တာမျိုး၊ အညောင်းအညာပြေ လမ်းခနထလျှောက်တာမျိုး။ ပြီးရင်တော့ အလုပ်ချိန်မပြီးမချင်း ဆက်ပြီး အာရုံစိုက်လုပ်လိုက်ပါ။
၂။ အနားယူပါ။
ကိုယ်ပိုင်အလုပ်နဲ့ ဝန်ထမ်းဘဝ အားသာချက်က ဘာလဲဆိုတော့ အလုပ်ချိန်ပါ။ ကိုယ်ပိုင်အလုပ်ဖြစ်တာကြောင့် အလုပ်ချိန်အပြောင်းအလဲ လုပ်လို့ရပါတယ်။ ဒါပေမယ့် ဒါဟာအားနည်းချက်ဆိုလည်း ဟုတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းဆိုတော့ ကိုယ်မှ မရှိရင်မဖြစ်ဘူး၊ ဖောက်သည်တွေကလည်း ကိုယ်မှကိုယ်ဆိုတာမျိုး။ ဆိုင်တစ်ရက်ပိတ်လိုက်ရင် တစ်ရက်ဝင်ငွေလျော့သွားမယ်လေ။ အနားယူလည်း အိမ်မှာ တခြားဘာမှ လုပ်စရာမရှိတာ ဆိုတာမျိုးတွေက ကိုယ့်ကိုယ်ကို ပေးနေကျ ဆင်ခြေတွေပါ။
ဒါဆို ဒီလိုလေးစဉ်းစားကြည့်ရအောင်။ ဥပမာ - သင်က ဝန်ထမ်းတယောက်ဆိုပါတော့။ သင့်ရဲ့နားရက်ရတဲ့နေ့မှာ သင့်အလုပ်ကို မေ့ထားပြီး ပြည့်ပြည့်ဝဝ လျှောက်လည်တာမျိုး၊ အနားယူတာမျိုး ရှိတယ်မဟုတ်လား။ အိမ်ကိုပြန်လာရင် ငါ့ကိုခိုင်းထားတဲ့ ကိစ္စတွေမပြီးသေးဘူးဆိုပြီး မပြီးမချင်းဆက်လုပ်နေတာမျိုး ရှိသလား။ ရှိခဲ့ရင်တောင် တော်တော်ကို အချိုးအစားနည်းလိမ့်မယ် ထင်ပါတယ်။ ကိုယ်ကိုယ်ကို မရှိမဖြစ်ထင်နေတာလား။ ကိုယ်မရှိလည်း ကမ္ဘာကြီးက သူ့အရှိန်နဲ့သူ လည်ပတ်နေပါလိမ့်မယ်။
ဖတ်ဖူးတဲ့ ဥပမာလေး ထပ်ပြောပြပါမယ်။ ဆရာ ဗန်းမော်သိန်းဖေရဲ့ စာအုပ်ထင်ပါတယ်။ အဲ့စာအုပ်ထဲမှာ အပြင်က Iron Man လို့ခေါ်ကြတဲ့ Elon Mask ဆိုတဲ့ လူဆီမှာ သူ့ရဲ့ ကိုယ်ရေးအတွင်းရေးမှူး အမျိုးသမီးက လစာတိုးတောင်းပါတယ်။ သူမတောင်းတဲ့ ပမာဏကလည်း အင်မတန်များပါတယ်။ ဒီအလုပ်အတွက် သူမက မရှိမဖြစ်လို့ ထင်လို့တောင်းတာပါ။ အဲ့ဒါနဲ့ သူက အဲ့အမျိုးသမီးကို လစာနဲ့ ခွင့်၂ပတ် ခံစားစေပါတယ်။ ဒါနဲ့ အဲ့အမျိုးသမီးလည်း ခွင့်ယူသွားပါတယ်။ ပြန်လာတော့ သူမကို ခေါ်ပြောပါတယ်။ သူမခွင့်ယူသွားတဲ့ ၂ပတ်အတွင်းမှာ သူမမရှိလည်း လုပ်ငန်းတွေက ရပ်မသွားပဲ လည်နေတာဖြစ်တဲ့အတွက်ကြောင့် သူမကို တောင်းတဲ့ လခတော့ မပေးနိုင်ကြောင်း၊ လက်ရှိလခအတိုင်းပဲ တခြားဌာနတစ်ခုကို ပြောင်းပေးမယ်ဆိုပြီး ပြောလိုက်ပါတယ်။ အဲ့ဒီအမျိုးသမီးက လက်မခံဘဲ အလုပ်ကနေ ထွက်သွားပါတယ်။ ဆိုလိုတာက ဘယ်အရာမှ ပုံသေတွက်မထားပါနဲ့။ အရာရာက သင်မရှိလည်း လည်ပတ်နေပါတယ် ဆိုတာကို သတိထားစေချင်တာပါ။
ဒါကြောင့် ကိုယ်ပိုင်အလုပ်ပဲဖြစ်ဖြစ်၊ ဝန်ထမ်းပဲလုပ်လုပ် ကိုယ်တာဝန်ယူရတဲ့အလုပ်ကို အလုပ်ချိန်တွင်းမှာ တာဝန်ကျေတာထက်ပိုအောင် ကောင်းအောင် ကြိုးစားလုပ်ပါ။ နားစရာရှိရင်လည်း ပြည့်ပြည့်ဝဝနားပါ။

၃။ အပြင်လူကို အပ်ပါ။
အံ့သြနေသလား။ ဟုတ်ပါတယ်။ သင့်လုပ်ငန်းကို အာရုံစိုက်လုပ်နိုင်စေဖို့ အပြင်လူကို (ကျွမ်းကျင်သူ) အပ်သင့်ပါတယ်။ စဉ်းစားကြည့်ရအောင်။ သင်က တစ်နှစ်စာ ဝင်ငွေကို ၁၀၀၀၀၀၀ လိုချင်တယ်ဆိုပါစို့ (တွက်ရလွယ်အောင် တစ်နှစ်လုံး ဆယ်သိန်းလုပ်ထားတာနော်) တစ်ပတ်ကို သင့်အလုပ်ချိန်က နာရီ၄၀။ တစ်နှစ်ကို ရက်သတ္တပတ် ၅၀ဆိုရင် နာရီ ၂၀၀၀။ စားကြည့်လိုက်တော့ ၅၀၀။ သင့်ဝင်ငွေက တစ်နာရီကိုမှ ၅၀၀ နော်။ ဒီအချိန်အတွင်းမှာ သင်က ပညာရေးကလည်းတစ်ဖက်၊ online shop လေးကလည်း လုပ်ချင်သေးတယ်၊အိမ်မှုကိစ္စတွေကလည်းရှိသေး၊ နောက် သင့်အလုပ်အတွက် မားကက်တင်းကလည်း လုပ်ရဦးမယ်ဆိုရင် သင့်ရဲ့ ပိုက်ဆံရမယ့်(တန်ဖိုးရှိတဲ့) အချိန်တွေကို သင်ဘယ်လို ခွဲဝေသုံးမှာလဲ။ အကောင်းဆုံးကတော့ သင်သိပ်မကျွမ်းတဲ့ နေရာ(အလုပ်)တွေမှာ ကျွမ်းကျင်သူတွေကို အပ်လိုက်ပါ။ ဒါဆိုရင် သင်လည်း စိတ်ရှင်းရှင်း အာရုံစူးစိုက်ပြီး သင့်အလုပ်ကို လုပ်နိုင်သလို ပိုတဲ့အချိန်တွေမှာလည်း သင့်လုပ်ငန်းကို ချဲ့ထွင်ရာမှာ ဖြစ်စေ၊ ကိုယ့်ဘဝ တိုးတက်ရာ တိုးတက်ကြောင်းဖြစ်စေ၊ မိသားစုကို ဖြစ်စေ၊ လူမှုရေးကို ဖြစ်စေ အာရုံပိုစိုက်နိုင်သွားမှာပါ။
အကြံပေးရရင် -
  • သင့်အတွက် အကျိုးအမြတ်ရနိုင်ဖို့ လုပ်ငန်းချဲ့ထွင်ဖို့ လုပ်စရာများရှိသလား။
  • ကိုယ်လုပ်ချင်လျှက်နှင့် မအားလို့/အလုပ်တွေ ပိနေလို့ မလုပ်ရသေးတာများ ရှိလား။
  • ဒါတွေကို သူများကရော လုပ်ပေးနိုင်သလား။
  • တချို့နေရာလေးတွေမှာ သူများကို အပ်ပြီးလုပ်ခိုင်းလိုက်လို့ ကိုယ့်အတွက် ပိုအကျိုးအမြတ်ရနိုင်လား စတဲ့အချက်အလက်လေးတွေကို သေချာစဉ်းစားသင့်ပါတယ်။

အပြင်လူကို အပ်တော့မယ်လို့ ဆုံးဖြတ်ရင် အောက်က အချက်လေးတွေကို သတိပြုစေချင်ပါတယ်။
  • သင့်ရဲ့ တစ်နေ့တာ အလုပ်အချိန်ဇယားအတွင်း ဘာတွေလုပ်နေဖြစ်သလဲ သေချာမှတ်သားပါ။ အထူးသဖြင့် စိတ်ပျံ့လွင့်ချိန်၊ အလုပ်မဟုတ်တာတွေ လုပ်နေရချိန်တွေကို သေချာစီစစ်ပိုင်းခြားပါ။
  • ကိုယ်လုပ်စရာမလိုဘဲ လိုက်လုပ်ဖြစ်နေတဲ့ကိစ္စတွေ ရှိနေတတ်တဲ့အတွက် ကိုယ်လုပ်မှ ဖြစ်မယ့်အရာတွေကို သေချာ စာရင်းပြုစုပါ။ ပြီးရင် ကြယ်ပွင့်ပြထားပါ။
  • အကယ်လို့များ အပြင်လူကို အပ်လိုက်ပြီး ကိုယ်က တခြားအရေးကြီးတဲ့အရာတွေကို အာရုံစိုက်ခဲ့ရင် ဘာတွေပိုအကျိုးရှိနိုင်မယ်ဆိုတာ သေချာ ချရေး၊ တွက်ချက်ကြည့်ပါ။
၎။ ဖောက်သည်တွေနဲ့ စာနဲ့ (အီးမေးလ်၊ မက်ဆင်ဂျာ)ဆက်သွယ်ပါ။
အရေးကြီးတဲ့ ကိစ္စတွေကို ဖောက်သည်တွေဆီက စာနဲ့ ဆက်သွယ်တာ ပိုပြီး အကျိုးရှိပါတယ်။ ဖုန်းနဲ့ ဆက်သွယ်လာရင် သို့မဟုတ် ပါးစပ်နဲ့ ပြောခိုင်းလိုက်တာမျိုးက သင်အလုပ်ရှုပ်လွန်းနေရင် မေ့သွားနိုင်ပါတယ်။ အခုခေတ်မှာတော့ ဖုန်းတွေမှာတောင် အီးမေးလ်တွေ၊ ဗိုက်ဘာ၊ မက်ဆင်ဂျာ စတဲ့ ဆက်သွယ်ရေး အပလီကေးရှင်းပေါင်းစုံက အရမ်းကို ထွန်းကားလာတဲ့အခါ စာပို့ရတာ သိပ်ခက်ခဲတဲ့ ကိစ္စတော့ မဟုတ်တော့ပါဘူး။ ကောင်းတဲ့ အချက်က သူတို့ပို့လာတဲ့ စာကို မြင်လိုက်တာနဲ့ သူတို့ ပြောချင်တဲ့ကိစ္စက ကိုယ်လုပ်ပေးနိုင်သလား၊ လုပ်ပေးပြီးပြီလား စသဖြင့် ပြောနိုင်တဲ့ အပြင် သက်သေအဖြစ်လည်း ရှိနေမှာမို့ ကိုယ့်အတွက် ကောင်းတဲ့အချက်ပါ။ မကောင်းတာက အပလီကေးရှင်းပေါင်းစုံပေါ်လာပြီးနောက်မှာ အကုန်လုံးကို လိုက်ပြီး မစစ်နိုင်တဲ့အခါ မမြင်လိုက်တာမျိုးကြောင့် ဖောက်သည်နဲ့ ကိုယ်ကြားမှာ စိတ်အခန့်မသင့် ဖြစ်ရတာမျိုး၊ ဖုန်းမက်ဆေ့ခ်ျ စစ်ရင်း တခြားအကြောင်းအရာတွေကို အာရုံပျံ့လွင့် တာမျိုးတွေတော့ ရှိတတ်ပါတယ်။ ဒါပေမယ့် သင့်ဖောက်သည်ကိုတော့ အသိပေးထားသင့်ပါတယ်။ အလုပ်ချိန်ကျော်သွားတဲ့အခါ အီးမေးလ်တွေ၊ မက်ဆေ့ခ်ျတွေ ချက်ချင်း မပြန်နိုင်တာကို နားလည်အောင်တော့ ပြောပြထားသင့်ပါတယ်။ အလုပ်ချိန်ရယ် နားနေချိန်ရယ် ခွဲခြားထားတယ်လေ။
၅။ အိမ်ပြန်ရောက်ရင် နိုတီတွေ ပိတ်ထားပါ။
အလုပ်ကို အလုပ်မှာပဲ ထားခဲ့ပါ။ အလုပ်ကိစ္စတွေကို အိမ်အထိ သယ်မလာပါနဲ့တော့။ သင်တစ်နေ့လုံးစာ ပင်ပန်းရတာ လုံလောက်ပါပြီ။ အလုပ်ထဲမှာ ရှိစဉ် ကိုယ့်တာဝန်မလစ်ဟင်းရအောင် နိုတီတွေ အီးမေးလ်တွေ မက်ဆေ့ခ်ျတွေ သေချာစစ်ပြီး ဆောင်ရွက်ပြီးပေမယ့် အိမ်ပြန်ရောက်ရင်တော့ ကိုယ်ပိုင်အချိန်ကို အကျိုးရှိစွာ အသုံးချပါတော့။ မိသားစုနဲ့၊ ချစ်ရသူနဲ့ အချိန်ပေးပြီး ကိုယ့်ဘဝကို ကိုယ်ပျော်ရွှင်ပါ။

၆။ အလုပ်ချိန်ပြီးသွားရင် တစ်ခုခုလုပ်နေပါ။
စာရေးသူတို့တွေဟာ အလုပ်ကနေ အိမ်ပြန်ရောက်တဲ့ အချိန်မှာ လူကသာ အိမ်ပြန်ရောက်လာတာ စိတ်က အလုပ်မှာ ကျန်ခဲ့တတ်ပါတယ်။ ကိုယ်တွေ့ပါ။ လူကအိမ်ပြန်ရောက်လာပြီး လက်စမသတ်ရသေးတဲ့ အလုပ်တွေက တပုံတပင် အိမ်ကိုပါလာတတ်ပါတယ်။ ညစာစားပြီး ခဏဆက်လုပ်လိုက်ဦးမယ်ကနေ အိပ်ချိန်ရောက်သွားတာမျိုး၊ မနက်ဖြန် မိတင်မှာ ဘာအကြောင်းအရာကို ဆွေးနွေးမယ်ဆိုတာကို ကြိုစိတ်ပူနေတာမျိုး၊ ဟင်းချက်စရာ ဝယ်နေရင်းက ဖောက်သည်ဆီက ဈေးစုံစမ်းတဲ့ မက်ဆေ့ခ်ျကို ဖြေနေရတာမျိုး၊ စတာတွေကြောင့် ကိုယ့်ရဲ့ လူမှုဘဝကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် အလုပ်ကနေ ပြန်ရောက်လာပြီဆိုရင် ကိုယ့်ကိုယ်ပိုင်အချိန်ပါပဲ။ အကျိုးရှိစွာ အသုံးချပါ။ ဥပမာ - ပညာရပ်တစ်ခုခုကို လေ့လာတာမျိုး၊ စာအုပ်ဖတ်နေတာ၊ သီချင်းနားထောင်တာ စတာမျိုးတွေနဲ့ ကိုယ့်ရဲ့စိတ်ဝိဥာဉ်ကိုပါ အနားပေးသင့်ပါတယ်။


၇။ ငြင်းပါ။
အချိန်ဆိုတာ အကန့်အသတ်ရှိပါတယ်။ အားနာနာနဲ့ လာခိုင်းသမျှ ဆိုင်ဆိုင်မဆိုင်ဆိုင် လုပ်ပေးနေရင်တော့ သင့်အတွက် အချိန်ဆိုတာ လောက်မှာမဟုတ်ပါဘူး။ သင့်ရဲ့လုပ်ငန်း တိုးတက်ရာဖြစ်ကြောင်းကို လမ်းချော်ထွက်သွားနိုင်တာ မှန်သမျှကို အားမနာတမ်း ငြင်းတတ်မှ ဖြစ်မှာပါ။ လူတိုင်းကို ပျော်အောင်လုပ်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ Apple ကုမ္ပဏီရဲ့ပဲ့ကိုင်ရှင် Steve Jobs ကပြောခဲ့ပါတယ်။ “If you want to make everyone happy, don’t be a leader. Sell Ice-cream.”
သင့်လုပ်ငန်းမှာ သင်က ခေါင်းဆောင်တစ်ယောက်ပါ။ လူတိုင်းကို ပျော်ရွှင်အောင် လုပ်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ အပြစ်တင်ဖို့ စောင့်နေမှာပါပဲ။ ဒါကြောင့် ငြင်းစရာရှိရင် အားမနာတန်း ပြတ်ပြတ်သားသားငြင်းဖို့တော့ လိုပါတယ်။ ဒါကြောင့်မို့ သင်တစ်စုံတစ်ခုကို ခေါင်းညိတ်လက်ခံတော့မယ်ဆိုရင် သေချာစဉ်းစား စေချင်ပါတယ်။
  • ဒါက ကိုယ့်လုပ်ငန်းကို တကယ်အကျိုးပြုပြီး တိုးတက်ကြီးပွားစေမှာလား။
  • ဒါကိုပေးရတဲ့အချိန်က ကိုယ့်ကိုယ်ပိုင် အချိန်ကနေရော ဖဲ့ပေးရမှာ ထိုက်တန်ရဲ့လား ဆိုတာတွေကိုပါ။
၈။ အချိန်သတ်မှတ် ခန့်ခွဲခြင်း
ကျနော်တို့ဟာ တစ်ရက်တစ်ရက် ထင်ထားတာထက် ပိုအလုပ်ရှုပ်တတ်ပါတယ်။ အချိန်ကို သေချာ အကျိုးရှိစေချင်ရင်တော့ “လုပ်ရန်” စာရင်းလေးလုပ်ထားပေါ့။ ဥပမာ - ၁၀နာရီ ရုံးမှာ ဖောက်သည်နဲ့ တွေ့ရန်ရှိ ဆိုတာမျိုးပေါ့။ ပြီးတော့ အလုပ်တစ်ခုအတွက် ခန့်မှန်းအချိန် ဘယ်လောက်ပေးမလဲဆိုတာမျိုးပေါ့။  ဒီလိုလေးတွေ မှတ်သားထားတော့ သင့်အလုပ်ဘယ်လောက်ပြီးသလဲ သိနိုင်တဲ့အတွက် လုပ်ရတာလည်း စိတ်ဓါတ်တက်ကြွပြီး ပျော်တာပေါ့။ 
၉။ ကိုယ့်ဘာသာ ဆန်းစစ်၊ သုံးသပ်ပါ။
ကျနော်တို့တွေဟာ အမြဲတမ်း ဒီထက်ပိုကောင်းအောင် လုပ်နိုင်ရက်နဲ့ ဆိုတာမျိုး၊ ဒီအချိန်မှာ လက်စသတ်လိုက်နိုင်ရမှတို့၊ ဖောက်သည်ကို ဒီထက်ပိုကောင်းအောင် လုပ်ပေးလိုက်နိုင်ရမှာတို့ စသဖြင့် တွေးပြီး ကျိတ်မနိုင်ခဲမရတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သင်ဒီအလုပ်ကို ဘာကြောင့်လုပ်ရသလဲ ပြန်ဆန်းစစ်ကြည့်ပါဦး။ ဒီအလုပ်ကို တကယ်ချစ်တယ်၊ မြတ်နိုးတယ် ဆိုရင် ဒီတစ်ရက် သို့မဟုတ် ဒီကံမကောင်းလိုက်တဲ့ အကြောင်းအရာလေးကြောင့် စိတ်မပျက်၊ အားမလျှော့ပါနဲ့။ သင်ရင်ဆိုင်လာခဲ့ရတာတွေ၊ စွန့်လွှတ်အနစ်နာခံခဲ့ရတာတွေကို ပြန်တွေးကြည့်လိုက်စမ်းပါ။ ကိုယ့်ရဲ့ ကြိုးစားမှုကြောင့် ပျော်ရွှင်သွားတဲ့ ကပ်စတန်မာတွေရဲ့ အပြုံးတွေ၊ ကျေနပ်မှုတွေ၊ ကျေးဇူးတင်စကားတွေက သင့်ကို တွန်းအားဖြစ်စေမှာပါ။ သင်ရဲ့အောင်မြင်မှုတွေဟာ လွယ်လွယ်နဲ့ ရလာတာ မဟုတ်ပါဘူး။ လုံးဝအားမလျှော့ပါနဲ့။ ကုန်ဆုံးသွားတဲ့ တစ်နေ့တာမှာ ဘာတွေတိုးတက် အောင်မြင်မှုရခဲ့သလဲ ဆိုတာ မအိပ်ခင်သေချာ ပြန်လည် သုံးသပ်ပါ။ နက်ဖန်အတွက် ကြိုတင် ပြင်ဆင်ပါ။

အလုပ်နဲ့ ဘဝကို မျှတအောင် အချိန်ပေးခြင်းဖြင့် အောင်မြင်မှု သရဖူဆွတ်ခူးနိုင်မှာပါ။

နဒီလင်းသစ် (ဆေး - ၂)

Comments

Popular posts from this blog

လက်သည်းက ပြောသော သင့်ကျန်းမာရေးအကြောင်း

ဆံပင်ကျွတ်ခြင်း

ဆံပင်ဆေးဆိုးခြင်း