သင့်ရင်သွေးက မှတ်မိနေမယ့် သင့်အကြောင်း


ဘဝမှာ အရေးအကြီးဆုံး အရာက ဘာလဲ။ ရွှေငွေ စည်းစိမ် ဥစ္စာဓနတွေ ချမ်းသာကြွယ်ဝမှုတွေလား။
မိသားစု ဘဝလေးထဲမှာရော ဘာက အရေးအကြီးဆုံးလဲ။
ကလေးမရသေးတဲ့သူတွေက ကလေးလိုချင်တယ်။ ကလေးတွေများလွန်းတဲ့လူတွေကျတော့လည်း များလွန်းလို့ စိတ်ညစ်ရတယ်။ ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိကြပါဘူး။ ဒီလိုမပြည့်စုံကြတဲ့ မိဘနဲ့ သားသမီးတွေကြားမှာတော့ ပြီးပြည့်စုံတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ မိသားစုအချိန်လေးတွေ ရှိခဲ့ကြမှာပါ။
နှစ်တွေကြာလာရင် မီးဖိုချောင်မှာ မီးချောင်း ဘယ်နှချောင်းဆိုတာ အတိအကျ မမှတ်မိနိုင်သလို ရေခဲသေတ္တာပေါ်မှာ ဘာစတေကာ ကပ်ထားလဲဆိုတာလည်း မှတ်မိဖို့ မဖြစ်နိုင်ပေမယ့် ရင်ထဲက ချစ်ခြင်းမေတ္တာမှတ်ဥာဏ်ကတော့ အသေးစိတ်ကအစ မှတ်မိနေတတ်ပါတယ်။ ဒါကြောင့်  မိဘနေရာကို ရောက်လာခဲ့ရင်လည်း ကိုယ့်ရင်သွေးလေးကို တန်ဖိုးမဖြတ်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ လွှမ်းခြုံပေးခြင်းအားဖြင့် သင်ဟာဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာ သင့်သားသမီးက တစ်သက်တာ ပြောမဆုံးတဲ့ ပျော်ရွှင်စရာ အတိတ်ကို ပေးနိုင်အောင်ကြိုးစားသင့်ပါတယ်။

သင့်ရင်သွေး သင့်ကို တစ်သက်တာ မမေ့နိုင်တော့မယ့် အခိုက်အတန့်မျာ

၁။ တစ်စုံတစ်ခုကို ဆုံးဖြတ်လုပ်ဆောင်ဖို့ သတ္တိခွန်အားတွေ ပေးတဲ့အချိန်
ကလေးငယ်လေးတွေ ကြီးပြင်းလာတဲ့ တစ်လျောက်မှာ အတွေ့အကြုံ အသစ်အဆန်းတွေကို တောက်လျောက်သင်ယူနေရတာပါ။ အဲ့ဒီအခိုက်အတန့်လေးတွေမှာ သင်ဟာ သူတို့လက်ကို ကိုင်ဆွဲပြီး အားအင်တွေပေး၊ ဆွဲခေါ်ခြင်းက သူတို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်တက်စေပြီး အားအင်တွေပေးခဲ့တဲ့ သင့်ကို တစ်သက်တာ မမေ့နိုင်စေမယ့် အခိုက်အတန့်ပါပဲ။ (ဥပမာ - စက်ဘီးစီးသင်ပေးတဲ့ အချိန်မှာ လဲမကျအောင် ထိန်းပေးခဲ့တဲ့ အခိုက်အတန့်)

၂။ တစ်စုံတစ်ရာကို အပြောနဲ့တင်မဟုတ်ပဲ အလုပ်နဲ့ပါ သင်ပြပေးခဲ့တဲ့ အခိုက်တန့်
ကလေးတွေက အမြဲတန်း လေ့လာ သင်ယူနေကြတာပါ။ သင့်ကိုယ်တိုင်တောင် သင်ပေးနေမှန်းမသိဘဲ သင့်ကို ကြည့်ပြီး တောက်လျောက် သင်ယူလေ့လာနေကြတာပါ။ အပြောနဲ့ အလုပ်ညီမညီ၊ သင်ပြောသလို လုပ်မလုပ်ကိုလည်း စောင့်ကြည့်လေ့လာ နေတတ်ကြပါတယ်။ ဒါကြောင့် “ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့” ဆိုတာမျိုး မဖြစ်အောင် သတိထားသင့်ပါတယ်။

၃။ သင့်ရင်သွေးငယ်ကို လုံခြုံအောင် ကာကွယ်ပေးတဲ့အချိန်
ကလေးတွေရဲ့ နှလုံးသားထဲမှာ သူတို့ အချစ်ဆုံးလူကို အားအကိုးဆုံးပါ။ ကုတင်အောက်က သရဲကြီးကို မောင်းထုတ်ပစ်တာက စလို့ အိပ်မက်ဆိုးတွေကနေ ကာကွယ်ပေးတာကြောင့် သင်ဟာ သူ့ရဲ့ အားအကိုးဆုံး သူရဲကောင်းကြီး ဖြစ်နိုင်သလို သင့်ရဲ့ဒေါသကြောင့် သူတို့ အကြောက်ဆုံး ရန်သူတော်ကြီးလည်း ဖြစ်သွားတတ်ပါတယ်။ (လူတိုင်းလူတိုင်း ဒေါသနဲ့ မကင်းနိုင်ကြပါဘူး) ဒါပေမယ့် အရေးအကြီးဆုံးကတော့ သူတို့လေးတွေ သင့်အကာအကွယ်ကို လိုအပ်နေချိန်မှာ သင်အနားမှာ ရှိပေးခြင်းက အကောင်းဆုံး လက်ဆောင်မွန်ပါပဲ။

၎။ သင့်ရင်သွေးငယ်ရဲ့ ဘေးမှာရှိပေးတဲ့ အချိန်
သင့်ကလေးက သင့်ကိုချစ်တာ ပြီးပြည့်စုံလို့ မဟုတ်ပါဘူး။ သူတို့ လိုအပ်နေတဲ့အချိန် သူတို့အတွက် အချိန်ပေးလို့ပါ။ သူတို့လေးတွေဟာ မိဘရဲ့ အပြည့်အဝ အာရုံစိုက်မှုကို လိုချင်တတ်ကြပါတယ်။ လုပ်နေလက်စ အလုပ်လေးတွေကို ခဏချပြီး သူတို့နဲ့ လိုက်တန်းပြေးတန်း ကစားပေးတာမျိုး၊ ဘောလုံးတူတူကန်တာမျိုး၊ တူတူဆော့ပေး အချိန်ပေးလိုက်တာမျိုးဟာ ဘယ်လောက်မှ မကြီးကျယ်ပေမယ့် တစ်သက်တာ သူတို့ရဲ့ နှလုံးသားထဲမှာ စွဲမြဲမှတ်မိနေမယ့် သင့်ပုံရိပ်ကို ဖန်တီးပေးလိုက်တာပါပဲ။

၅။ သင့်အိမ်ထောင်ဖက်ကို ဆက်ဆံတဲ့ ပုံစံ
ကလေးတွေက မျက်စေ့ရှေ့မှာ တွေ့နေတဲ့ အရာတွေအကုန်လုံးကို အတုမြင် အတတ်သင်နေကြတာပါ။ ဖေဖေက မေမေ့ကို ချစ်ချစ်ခင်ခင် လေးလေးစားစားနဲ့ ဆက်ဆံတာကို မြင်ရတဲ့ မိသားစုဝင် ကလေးငယ်ဟာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရစေသလို နောင်တချိန် အိမ်ထောင်ပြုတဲ့အခါမှာလည်း အိမ်ထောင်ရှင်ကောင်းတစ်ယောက် ဖြစ်လာစေမှာပါ။ ဒါဟာ ကလေးငယ်ရဲ့ မသိစိတ်ကနေ အတုယူ စံပြုထားတဲ့ ပုံစံကို ကျင့်သုံးလိုက်တာပါပဲ။

၆။ သင့်ရင်သွေးလေးကို စိတ်ခွန်အားပေးတဲ့ အခိုက်အတန့်
ကလေးငယ်လေးတွေရဲ့ စိတ်ဟာ ဖယောင်းလေးနဲ့ တူပါတယ်။ အရာထင်လွယ်ပါတယ်။ မိဘတွေရဲ့တာဝန်က သူတို့လေးတွေ လမ်းမှားရောက်မသွားအောင် စည်းကမ်းချပြီး တည့်မတ်အောင် ထိန်းကျောင်းပေးဖို့လိုပါတယ်။ သူတို့ကိုယ် သူတို့ အားကိုးတတ်အောင်၊ တန်ဖိုးထားတတ်လာအောင် လေ့ကျင့်သင်ကြားပေးတဲ့ အချိန်မှာ လေးစားမှု၊ တန်ဖိုးထားမှု၊ ချစ်ခြင်းမေတ္တာတွေနဲ့ ဆက်ဆံသင့်ပါတယ်။ ဝေဖန်ကဲ့ရဲ့တာမျိုး မလုပ်သင့်ပါဘူး။

၇။ မိသားစု ထုံးစံလေးတွေ ပြုလုပ်ချိန်
ဟုတ်ပါတယ်။ ကလေးတွေက အမှတ်သညာ ကြီးတတ်ပါတယ်။ ဥပမာ - ထမင်းစားရင် စားပွဲဝိုင်းမှာ လူစုံအောင် စောင့်ပြီးမှ စစားတာမျိုး၊ စနေနေ့ညတိုင်း မိသားစုလိုက် ရုပ်ရှင်ထွက်ကြည့်ကြတာမျိုး။ ဒါကြောင့် သူတို့လေးတွေကို သင်လက်ဆင့်ကမ်းပေးခြင်တဲ့ ကောင်းတဲ့ အလေ့အကျင့်လေးတွေ ထုံးစံလေးတွေကို ချပေး၊ လက်ဆင့်ကမ်းပေးသင့်ပါတယ်။

သာယာတဲ့ မိသားစု ဘဝလေး ပိုင်ဆိုင်နိုင်ကြပါစေ။
နဒီလင်းသစ် (ဆေး-၂)

Comments

Popular posts from this blog

လက်သည်းက ပြောသော သင့်ကျန်းမာရေးအကြောင်း

ဆံပင်ကျွတ်ခြင်း

ဆံပင်ဆေးဆိုးခြင်း