ချစ်စရာ ဖေဖေ၊မေမေတစ်ယောက် ဖြစ်စေဖို့ နည်းလမ်း (၇)သွယ်



ကလေးထိန်းတယ်ဆိုတာ အနုပညာတစ်ရပ်ပါ။ ပျော်ရွှင်ခြင်း ပီတိတွေ၊ ကြောက်ရွံ့ခြင်း သံသယတွေ ရောပြွန်းနေတဲ့ တောကြီးမျက်မဲထဲကို ရောက်နေသလိုမျိုး လမ်းပျောက်နေသလိုမျိုး ကြုံတွေ့နေရတဲ့ အခါမျိုးလည်း ရှိတတ်ပါတယ်။
မိခင်ဘဝဆိုတာ ကိုယ်များတစ်ခုခု မှာလုပ်မိလေရော့သလား ဆိုပြီး ညညအိပ်မပျော်တဲ့ရက်တွေလည်း ရှိသလို မနက်ခင်းနိုးလာတဲ့အချိန် ကိုယ့်ရင်သွေးလေးရဲ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း ဒီလောကမှာ ကိုယ့်လောက်ကံကောင်းသူမရှိပါလားလို့ အထင်ရောက်ရတဲ့ အခိုက်အတန့်လေးတွေဟာလည်း မိဘဖြစ်ရခြင်းရဲ့ သုခတွေပါပဲ။ ဒါကြောင့် “သားတို့ ရုပ်ရည် သီတာမည်သား၊ ရေကြည်ချမ်းမြ တစ်ပေါက်ကျက မိဘတို့ဝမ်း ငြိမ်းစတမ်း” ဆိုတဲ့ စကားပုံလေး ရှိနေတာပေါ့။
ဘယ်သူမဆို ကိုယ့်ရင်သွေးလေးကို အကောင်းဆုံး အစားအစာ ကျွေးချင်တယ်၊ အကောင်းဆုံး အဝတ်အစား ဆင်ပေးချင်တယ်၊ ကိုယ့်ရင်သွေးလေးကို အတော်ဆုံး၊ ချစ်စရာအကောင်းဆုံးဖြစ်စေချင်တယ် ဆိုတာ မိဘတိုင်းရဲ့ စိတ်ကူးအိပ်မက်ပါ။ တစ်ခါတစ်လေ အလုပ်ရှုပ်၊ စိတ်ရှုပ်နေတဲ့အခါ သူတို့လေးတွေ စကားကို နားထောင်ပေးရမယ့်အစား အော်မိတာမျိုး၊ စကားနားမထောင်ပဲ ဂျီကျနေရင် ရိုက်ပစ်လိုက်မိတာမျိုးတွေဆိုတာ မိဘတိုင်း တခါမဟုတ် တခါတော့ လုပ်မိတတ်ကြတဲ့သူတွေချည်းပါပဲ။
ဘယ်သူမှ ပြီးပြည့်စုံတဲ့သူ မဟုတ်တဲ့အတွက် ကိုယ့်မျက်စိရှေ့မှာ တရိပ်ရိပ် ကြီးပြင်းလာတဲ့ ကလေးလေးကို ကြည့်ရင်း ပျော်ရွှင်စရာ မှတ်ဥာဏ်လေးတွေကို ဖန်တီးပေးတာက ကိုယ်နဲ့ကလေးကြားက သံယောဇဉ်ကို ပိုမို ခိုင်မာလာစေမယ့် အကောင်းဆုံး အခွင့်အရေးပါပဲ။
ဒါကြောင့် ရှာဖွေဖတ်ရှုထားတာလေးတွေ မျှဝေပေးလိုက်ပါရစေ။

၁။       အကောင်းမြင်စိတ်မွေးပါ။
နေရာတကာ အပြစ်မြင်နေရင် သင့်ဆီကို အကောင်းတွေက ဝင်မလာတော့ပါဘူးဆိုတဲ့ အင်္ဂလိပ်စကားပုံအတိုင်းပါပဲ။ အပြစ်မြင်၊ စိတ်တိုလွယ်ပြီး ပွစိပွစိပြောလွန်းတဲ့၊ အရိုက်ကြမ်းလွန်းတဲ့ အဖေ၊အမေကို ဘယ်ကလေးကမှ မချစ်ပါဘူး။ အပြင်ကနေ မောမောနဲ့ အိမ်ပြန်လာချိန် ပွရှုပ်နေတဲ့ အခန်းကို မြင်လိုက်ရလို့ ဒေါသထွက် စိတ်ပျက်နေမယ့်အစား ချော့မော့ပြောဆိုပြီး ကိုယ်နဲ့အတူ ဝိုင်းကူလုပ်ပေးဖို့ တိုက်တွန်းခိုင်းစေရင်း ပျော်ပျော်ရွှင်ရွှင် မိသားစု အချိန်လေးတွေ ကုန်ဆုံးဖို့သာ စဉ်းစားသင့်ပါတယ်။ မအော်ပါနဲ့။ မဆူပါနဲ့။ အလုပ်တွေပြီးသွားရင် သူတို့လေးတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုပါ။

၂။       မကောင်းပြောသူများ၊ ကဲ့ရဲ့ဝေဖန်မှုများကို လျစ်လျူရှုပါ။
ဝေဖန်ကဲ့ရဲ့ခံရမှုတွေကြောင့် သင့်စိတ်ထဲက မကျေနပ်မှုတွေ ဒေါသတွေကို သင့်ကလေးပေါ်ကို ပုံချမိတဲ့ အခိုက်အတန့်လေးတွေက မိဘတိုင်းမှာ ရှိတတ်၊ ရှိခဲ့ဘူးမှာပါ။ ဘယ်လောက်ကြောက်စရာ ကောင်းသလဲဆိုတာ ကြုံဘူးတဲ့သူတိုင်း သိကြမှာပါ။ ဒါကြောင့် သင့်ကို ဝေဖန်ကဲ့ရဲ့မှု၊ စိတ်ဖိအားပေးမှုတွေ ဖြစ်စေတဲ့ အခြေအနေတွေကို လျစ်လျူရှုပြီး ကိုယ့်ရဲ့ ဘဝအပေါ် အကောင်းမြင်စိတ်မွေးပြီး ဆက်လျှောက်သင့်ပါတယ်။

၃။       အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါ။
အတိတ်မှာ သင်လုပ်ခဲ့တဲ့ အရာတွေအတွက် ကိုယ့်ကိုယ်ကို ပြစ်တင်ဒေါသထွက်တာ၊ ကိုယ့်မိသားစုက လုပ်ခဲ့တဲ့အမှားတွေအတွက် အပြစ်ပေးတာ၊ စိတ်ဆိုးဒေါသထွက်နေတာဟာ ကိုယ့်ဘာသာ ပြစ်ဒဏ်ခတ်နေတာနဲ့ တူတူပါပဲ။ အတိတ်မှာ ပိတ်မိနေပြီး အဆိုးသံသရာ လည်နေမယ့်အစား ပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင် မိသားစုနဲ့ တူတူ ပျော်ရွှင်ရတာ ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။

၎။       မိသားစုပန်းတိုင် သတ်မှတ်ထားပါ။

မိသားစုဆိုတာ အသင်းအဖွဲ့တစ်ခုလိုပါပဲ။ ပန်းတိုင်သတ်မှတ်ထားပြီး တက်တက်ကြွကြွ ကြိုးစားတာဟာ မိသားစု စည်းလုံးညီညွတ်မှုကို ပိုမိုစေပြီး အချင်းချင်း ချစ်ခင်ကြင်နာမှု တိုးပွားစေပါတယ်။ ဥပမာ - ပိတ်ရက်မှာ တိရစ္ဆာန်ရုံသွားနိုင်ဖို့အတွက် အိမ်သန့်ရှင်းရေးကို ဝိုင်းကူလုပ်ရမယ်ဆိုတာမျိုးပေါ့။ တစ်ခု သတိထားဖို့ကတော့ အဲ့လို အချိန်ဇယားလေးတွေကို သတ်သတ်မှတ်မှတ် ပြက္ခဒိန်ပေါ်မှာ ရေးမှတ်ထားဖို့နဲ့ သတ်မှတ်မိသားစုဝင်အားလုံး တက်တက်ကြွကြွ ပါဝင်ကြဖို့တော့ လိုပါတယ်။

၅။       ကိုယ့်ရင်သွေးလေးတွေရဲ့ အားကိုးရာဖြစ်ပါစေ။
ကလေးငယ်လေးတွေဆိုတာ ဒီလောကကြီးထဲကို ဖေဖေမေမေတွေက ခေါ်လို့ရောက်လာကြတာပါ။ အားအကိုးဆုံးကလည်း ဒီဖေဖေမေမေကိုပါပဲ။ ကလေးတွေရဲ့စိတ်က အင်မတန် နုနယ်ပါတယ်။ ဒါကြောင့် ကိုယ်ရဲ့ သွေးကဖြစ်တဲ့ ကိုယ့်ရင်သွေးကို တဆိတ်ရှိ “နင်ဆိုးရင် နင့်ကို မချစ်တော့ဘူး။ သူများပေးပစ်လိုက်မယ်” ဆိုတာမျိုးတွေ မပြောသင့်ပါဘူး။ အဲလိုပြောမယ့်အစား ဂျစ်ကျနေရင် နားဝင်အောင် သွန်သင်ပြောပါ။ နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းပြပြောဆိုပါ။ သူတို့လေးတွေမှာလည်း သူတို့ အကြောင်းပြချက်နဲ့ သူတို့ရှိတတ်ကြပါတယ်။ ကလေးရဲ့ ရင်ထဲက ဘာပြောချင်နေတာလဲဆိုတာကို နားလည်သဘောပေါက်အောင် အချိန်ပေး နားထောင်တတ်ပါစေ။ သင့်ရဲ့ တစ်ရက်တာ ဘာတွေ အဆိုးတွေကြုံကြုံ သင့်ရင်သွေးရဲ့ ထုတ်မပြောတဲ့ စကားသံကို ကြားအောင် နားဆင်ကြည့်ရင်း သူတို့လေးတွေရဲ့ အားကိုးရာ စံပြသူရဲကောင်း ဟီးရိုးတစ်ယောက် ဖြစ်အောင်နေပါ။ 

၆။       ကိုယ့်ရင်သွေးလေးတွေနဲ့ အချိန်ပေး ရယ်မောပျော်ရွှင်ပါ။
အရမ်းအရေးကြီးပါတယ်။ တစ်နေ့တာလုံး ကံတွေဘယ်လောက်ဆိုးဆိုး အဆိုးပြီးရင် အကောင်းဆိုတာ လာမြဲပါ။ မုန်တိုင်းပြီးရင် လေပြည်လာမယ်ဆိုတာလိုပေါ့။ မိသားစုနဲ့တွေ့ရင် ပြီးခဲ့တာတွေ မေ့လိုက်ပြီး ရယ်မောပျော်ရွှင်ပါ။ သားသမီးတွေ ကျောင်းမှာ တွေ့ကြုံလာရတဲ့ ပျော်စရာ အဖြစ်အပျက်လေးတွေကို နားထောင်ရယ်မောပါ။ ရယ်မောခြင်းဟာ စိတ်ဖိစီးမှုကို လျော့စေတဲ့အတွက်  သွေးဖိအားကိုလည်း လျော့ကျစေပါတယ်။

၇။       နွေးထွေးစွာ ပွေ့ဖက်ပါ။
ဘယ်လောက်ပဲ စိတ်ညစ်စရာ အားငယ်ဝမ်းနည်းစရာ ကြုံကြုံ ကိုယ့်မိသားစု၊ သားသမီးတွေကို နွေးနွေးထွေးထွေး ပွေ့ဖက်ရယ်မောလိုက်ခြင်းက  စိတ်ညစ်စရာတွေကို လျော့ကျစေမှာ အမှန်ပါ။


ကဲ….စာဖတ်သူမေမေ/ဖေဖေ….သင်ရော စိတ်ညစ်နေတဲ့ အချိန်တွေမှာ ဘယ်လိုတွေ လုပ်ဖြစ်လဲ။ ပြီးတော့ ချစ်စရာကောင်းတဲ့ ဖေဖေ မေမေတစ်ယောက် ဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီလား။ သင့်အတွက် အကျိုးတစ်စုံတစ်ရာ ရှိသွားမယ်ဆိုရင် ဘဝတူ မိတ်ဆွေတွေကိုလည်း မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

နဒီလင်းသစ် (ဆေး-၂)

Comments

Popular posts from this blog

လက်သည်းက ပြောသော သင့်ကျန်းမာရေးအကြောင်း

ဆံပင်ကျွတ်ခြင်း

ဆံပင်ဆေးဆိုးခြင်း